
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ရှောင်စခန်းကို မေ ၁၄ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မေ ၁၄ ရက် ည ၉ နာရီဝန်းကျင်မှာ ဘန်ကောက်စစ်ရှောင်စခန်းနားကို ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “နောက်ဆုံးတခေါက် မကြဲခင်တုန်းက အဲ့အဆောင်မှာ ကျောင်းသား ၁၅၀ လောက် နေတာ၊ ကျောင်းဖွင့်တော့မှာဆိုတော့ ပြန်ဖွင့်မယ်ထင်လို့နဲ့တူတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေရှိရာ နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။
စစ်ရှောင်အရေး ကူညီပေးသူတယောက်က “စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့က လူထုတွေရှိရာ နေရာကို ပစ်မှတ်ထား ဗုံးကြဲနေတာပေါ့နော်။ လူထုတွေကို သေကျေပျက်စီးအောင် တိုက်ခိုက်နေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ နိုဝင်ဘာလတွေတုန်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသူ ကျောင်းသားနဲ့ ဆရာမ အပါအဝင် ၉ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။