Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် စာသင်ကျောင်းပေါင်း ၃၃၃ ကျောင်းရှိ 
DVB
·
May 14, 2025

စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကလွဲပြီး တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ တက္ကသိုလ်၊ အခြေခံပညာ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းမှာရှိတဲ့ ပညာရေး အဆောက်အအုံပေါင်း ၃၃၃ ကျောင်းအထိ ပျက်စီးခဲ့တာကို DVB Data အဖွဲ့က လေ့လာတွေ့ရှိ ပါတယ်။ 

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းထဲက စာသင်ကျောင်းတွေဟာ အကြိမ်ပေါင်း ၈၀ ကျော်အထိ စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ အဆိုးဆုံးအခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်။

မေ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အိုးတိန်တွင်း စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အနည်းဆုံး သေဆုံးသူ ကလေးငယ် အယောက် ၂၀ နဲ့ ဆရာမ ၂ ယောက်အထိ ရှိခဲ့ပါတယ်။

အလားတူ ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁၁ ယောက် အပါအဝင် ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။

စစ်တပ်ရဲ့ နှစ်အလိုက်တိုက်ခိုက်မှုတွေကို DVB Data အဖွဲ့က မှတ်တမ်းပြုစုရာမှာတော့ ၂၀၂၄ ခုနှစ်မှာ စာသင်ကျောင်း ၁၂၉ ကျောင်းအထိ အများဆုံးတိုက်ခိုက်ခံခဲ့ရပြီး အခုနှစ် ၂၀၂၅ မေလ ၁၂ ရက်နေ့အထိ စာသင်ကျောင်း ၅၇ ကျောင်း တိုက်ခိုက်ခံရကြောင်း တွေ့ရှိရပါတယ်။ 

အိုးတိန်တွင်းကျေးရွာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေး ကျောင်းကို စစ်ကောင်စီတပ်က မေ ၁၂ ရက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၂၄ ယောက်အထိ ရှိသွားပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေထဲက ဒီကနေ့ မနက်ပိုင်းအချိန်မှာပဲ အသက် ၁၁ နှစ်အရွယ် မပြည့်ပြည့်ငြိမ်းထပ်မံ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အပြစ်မဲ့ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမှာ မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမယ်ယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့ ဒီတိုက်ခိုက်မှုသတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထား ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024