Home
ဆောင်းပါး
မြန်မာပြည်တွင်း တရုတ်လုံခြုံရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုကို ဆန်းစစ်ခြင်း 
DVB
·
May 14, 2025

တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာ စစ်အုပ်စုကို ရင်းနှီးမြှုပ်နှံမှု၊ လက်နက်ရောင်းဝယ်မှု တွေကတဆင့် အားပေးကူညီနေတယ်ဆိုတာ လူတော်တော်များများ သိကြပါတယ်။ နိုင်ငံရေးလေ့လာသူ တော်တော်များများရဲ့ သုံးသပ်ချက်တွေအရ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ပေါ်ထွက်လာတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ အောင်မြင်မှုတွေကြောင့် စစ်ပွဲဟာ ပြီးဆုံးသွားတော့မှာပါ (တော်လှန်ရေးအောင်မြင်တော့မှာပါ)။ တရုတ်ရဲ့ ထောက်ပံ့မှုသာ ဆက်မရှိတော့ရင် စစ်ကောင်စစ်ဟာ ပြိုကျသွားတော့မှာလို့ ယုံကြည်ထားကြပါတယ်။

အခုတော့ တရုတ်နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့တွေပဲဖြစ်ဖြစ်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပဲဖြစ်ဖြစ် မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာမှာကို မြန်မာပြည်သူတွေ စိုးရိမ်နေကြပါပြီ။ အတည်မပြုနိုင်ပေမဲ့ တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ ပါဝင်တိုက်ခိုက်နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေကြပါတယ်။ ဒီသတင်းတွေက ဖြစ်နိုင်ခြေရှိပေမဲ့ ခိုင်မာတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။

တရုတ်စစ်သားတွေ မြန်မာပြည်ထဲမှာ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေဟာ မသေချာပေမဲ့ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ မြန်မာပြည်ထဲ ရှိနေတာတော့ ခိုင်မာသေချာပါတယ်။ အများသူငါ ဖတ်ရှုနိုင်တဲ့ စာရွက်စာတမ်းတွေမှာလည်း တရုတ်ပုဂ္ဂလိကကုမ္ပဏီ သတင်းကို အတည်ပြုနိုင်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ မြေပြင်မှာ ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံရေးယူထားသလို မြန်မာပြည်သူတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ စောင့်ကြည့်တဲ့အပိုင်းမှာလည်း ကူညီနေကြပါတယ်။

ဧပြီလလောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုဆီကလာတဲ့ သတင်းတွေအရ တရုတ်တပ်တွေ၊ ဒရုန်းမောင်းသူတွေ၊ ဒါမှမဟုတ် ဒရုန်းသင်ပေးသူတွေ မြန်မာပြည်ထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ တရုတ်စစ်တပ် စစ်ယာဉ်တန်းတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့လို နေရာတွေမှာ တွေ့ရတယ်လို့ ပြောကြပါတယ်။ စစ်တွေ-ယူနန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းလို အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့အတွက်လို့လည်း ထပ်လောင်း ပြောဆိုကြပါတယ်။

ဒါပေမဲ့ အဲဒီပြောဆိုချက်တွေကို အတည်မပြုနိုင်သေးသလို ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေမှာလည်း မတွေ့ရသေးပါဘူး။ ရိုက်တာ၊ အယ်လ်ဂျာဇီးယား၊ ဧရာဝတီ သတင်းဌာန အပါအဝင် အဓိကသတင်းဌာနတွေ၊ နိုင်ငံတကာ စောင့်ကြည့်သူတွေကလည်း မြန်မာနိုင်ငံအတွင်း တရုတ်စစ်သားတွေ ရှိနေတယ် ဆိုတာကို အတည်ပြုထားခြင်း မရှိပါဘူး။

ဒါပေမဲ့ လက်ရှိ မြန်မာ့ပဋိပက္ခမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှု တိုးလာနေတာကိုတော့ ငြင်းလို့မရပါဘူး။ တရုတ်တပ်ဖွဲ့ဝင်တွေ မြေပြင်မှာ ရှိနေတာကို အတည်မပြုနိုင်သေးပေမဲ့ ပေကျင်းက စစ်ကောင်စီကို နည်းပညာနဲ့ လက်နက်ပိုင်းဆိုင်ရာ အကူအညီတွေကို သိသိသာသာ တိုးမြှင့်ပေး‌လာနေတာကတော့ ထင်ရှားလှပါတယ်။

၂၀၂၄ နှစ်လယ်ပိုင်းကစပြီး တရုတ်လုပ် ဒရုန်းတွေဟာ စစ်ကောင်စီရဲ့ အရှိန်မြှင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ စစ်တပ်ဟာ ဗိုလ်မှူးချုပ် နေမျိုးထွန်းရဲ့ ဦးဆောင်မှုအောက်မှာ ဒရုန်းစစ်ဆင်ရေး ညွှန်ကြားမှုဦးစီးဌာနလို့ သိကြတဲ့ သီးခြားဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီးပါပြီ။

တရုတ်နိုင်ငံလုပ် မောင်းသူမဲ့ လေယာဉ် (UAV) ထောင်ပေါင်းများစွာကို ဝယ်ယူပြီး တိုက်ခိုက်ရေးနဲ့ စောင့်ကြည့်ရေးအတွက် ပြုပြင်ပြောင်းလဲထားပါတယ်။ အဲဒီအထဲမှာ အီရန်ရဲ့ Shahed-136 ကို ပုံတူယူထားတဲ့ လက်နက်တွေအပြင် ဂျိန်းစ်အဖွဲ့ရဲ့ ဇန်နဝါရီလ အစီရင်ခံစာမှာ မှတ်တမ်းတင်ထားတဲ့ ခေတ်မီတိုက်ခိုက်ရေးသုံး လူမဲ့လေယာဉ်တွေလည်း ပါဝင်ပါတယ်။

အဲဒီလို ဒရုန်းတွေ ထောက်ပံ့ပေးတဲ့အပြင် တရုတ်နိုင်ငံဟာ မြန်မာစစ်သားတွေကိုလည်း သင်တန်းတွေ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ရရှိထားတဲ့ သတင်းတွေအရဆိုရင် စစ်ကောင်စီရဲ့ လေတပ် လေယာဉ်မှူးတွေနဲ့ ဒရုန်းအော်ပရေတာအဖွဲ့တွေဟာ တရုတ်နိုင်ငံမှာ သင်တန်းတက်ခဲ့ကြပါတယ်။

မကြာသေးခင်ကတော့ Zhongyue Aviation Firefighting-Drone Company လို တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ခွင့်ရဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိအချိန်ထိ တရုတ်သင်တန်းပေးသူတွေ မြန်မာနိုင်ငံထဲမှာ လှုပ်ရှားနေတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပေမဲ့ စစ်ကောင်စီရဲ့ ဒရုန်းစစ်ဆင်ရေး အတိုင်းအတာနဲ့ ဆန်းသစ်မှုတွေကို ကြည့်ရင် တရုတ်ဆီက နည်းပညာပိုင်း အကူအညီတွေ ဆက်လက်ရရှိနေတယ် ဆိုတာ အခိုင်အမာ ပြသနေပါတယ်။ အဲဒီအကူအညီတွေထဲမှာ အဝေးကနေ လမ်းညွှန်တာ၊ ပြည်ပမှာ သင်တန်းပေးတာတွေလည်း ပါဝင်နိုင်ပါတယ်။

တရုတ်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ တရုတ်နိုင်ငံရဲ့ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှု၊ ချဲ့ကားပြောဆိုမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သြဂုတ်လမှာ ယူနန်ပြည်နယ်အတွင်းက အရပ်သားတွေကို ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပေကျင်းဟာ နယ်စပ်ဘက်ခြမ်းမှာ လက်နက်ကိုင် ကင်းလှည့်မှုတွေကို တိုးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာ ကျည်ဆန်အစစ်တွေနဲ့ အမြောက်စမ်းသပ် ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို လှုပ်ရှားမှုတွေ တိုးလာတာဟာ မြန်မာနိုင်ငံအတွင်း တရုတ်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက် ချထားတယ်လို့တော့ ထပ်တူမ‌ဆိုနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို တရုတ်စစ်တပ်ရဲ့ အသင့်အနေအထားအရ ပေကျင်းဟာ မြန်မာပြည်တွင်းက တဖြည်းဖြည်း ဆိုးရွားလာနေတဲ့ လုံခြုံရေးအခြေအနေကို ဘယ်လောက်အထိ အနီးကပ် စောင့်ကြည့်နေတယ် ဆိုတာကို ဖော်ပြနေပါတယ်။ အထူးသဖြင့် တရုတ်ရဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကျောက်ဖြူဆိပ်ကမ်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) လိုမျိုး ခါးပတ်လမ်းအစီအစဉ် (BRI) စီမံကိန်းတွေကို ခြိမ်းခြောက်လာတဲ့အတွက် ပိုပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

တကယ်တော့ တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာ တည်ရှိနေခဲ့တာပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အားနည်းလာပြီးနောက်မှာတော့ တရုတ်နိုင်ငံဟာ သူ့ရဲ့ BRI ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပိုပြီး စိုးရိမ်လာတာပါ။ အဲဒါနဲ့အတူ တရုတ်ရဲ့ မြန်မာ့အရေး ပါဝင်ပတ်သက်မှု အခန်းကဏ္ဍဟာလည်း ပိုမိုကျယ်ပြန့်လာပါတယ်။

အောက်တိုဘာလမှာ စစ်ကောင်စီဟာ တရုတ်နဲ့ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတခု တည်ထောင်ဖို့ အဖွဲ့ဝင် ၁၃ ဦးပါ ကော်မတီတခုကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီရဲ့ တာဝန်က လက်နက်တင်သွင်းမှုတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ နားလည်မှုစာချွန်လွှာ (MoU) ရေးဆွဲတာတွေကို စီမံခန့်ခွဲဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ အဲဒီ MoU ကို လက်မှတ်မထိုးရသေးပါဘူး။

ဖေဖော်ဝါရီလမှာ စစ်ကောင်စီက ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံခြား လုံခြုံရေးကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် ရရှိလာပါတယ်။ အဲဒီဥပဒေအရ ဒီကုမ္ပဏီတွေ အနေနဲ့ လက်နက်ကိုင်ဆောင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းတွေဟာ နိုင်ငံခြားစစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတာမျိုး မဖြစ်ရပါဘူး။ ဒါ့အပြင် ကုမ္ပဏီဝန်ထမ်း ၇၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့လည်း ဥပဒေအရ ဆိုပါတယ်။

ဒီမူဘောင်အရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ စစ်သားဟောင်းတွေဟာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဆိုတဲ့ အမည်အောက်မှာ လုပ်ကိုင်ခွင့်ရရှိသွားတော့မှာ ဖြစ်ပါတယ်။ ဘယ်ဟာက တရုတ် ပုဂ္ဂလိက ကန်ထရိုက်တာတွေ၊ ဘယ်ဟာက တရုတ်အစိုးရအဖွဲ့ဝင်တွေဆိုတာ ခွဲခြားဖို့ ခဲယဉ်းသွားပါတော့တယ်။

China Overseas Security Group (COSG) ဟာ တရုတ်ရဲ့ အကြီးဆုံး ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေထဲက တခုဖြစ်ပြီး တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တလျှောက်က အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတွေကို လုံခြုံရေးပေးရာမှာ ပါဝင်နိုင်ခြေ အများဆုံး ရှိပါတယ်။

နိုဝင်ဘာလမှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ဆပ်ကော်မတီနဲ့ တရုတ်အစိုးရပိုင် CITIC Group တို့ဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတခု တည်ထောင်ဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

အဲဒီလို ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေရဲ့ အဓိကတာဝန်က တရုတ်ဝန်ထမ်းတွေ၊ စီမံကိန်းတွေနဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ နေရာလုံခြုံရေး၊ ပို့ဆောင်ရေးအထောက်အပံ့၊ သတင်းအချက်အလက် စုဆောင်းခြင်းနဲ့ တိုက်ခိုက်ရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေလည်း ပါဝင်နိုင်ပါတယ်။

ကျောက်ဖြူလို ဒေသတွေမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ စီးပွားရေးဇုန်တွေကို ကာကွယ်ဖို့အတွက် ဒရုန်းတွေ၊ ဂျမ်မာတွေ၊ မိုင်းတွေကို အသုံးပြုထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ တရုတ်စစ်တပ်ဆီမှာ လေ့ကျင့်သင်ကြားထားတဲ့ ဝန်ထမ်းတွေဟာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေရဲ့ အကာအကွယ်အောက်မှာ လုပ်ကိုင်နေနိုင်တယ်လို့လည်း ခန့်မှန်းမှုတွေ ရှိလာနေပါတယ်။

တရုတ်လုံခြုံရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရှိနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိပေမဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်မှာ သူတို့ရဲ့ အခန်းကဏ္ဍဟာ အနည်းငယ်ပဲ သက်ရောက်မှု ရှိနိုင်ပါတယ်။

ရုရှားက ဝဂ္ဂနာအဖွဲ့၊ အမေရိကန်အခြေစိုက် ဘလက်ဝါးတား အဖွဲ့‌တွေနဲ့ မတူတာကတော့ တရုတ် လုံခြုံရေးကုမ္ပဏီတွေဟာ ရှေ့တန်းမှာ တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ သူတို့ဟာ နိုင်ငံခြားမှာ လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အခုလို လက်နက်ကိုင်ဆောင်ခွင့် ရတာဟာ ထူးခြားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဝန်ထမ်းတွေမှာ တိုက်ခိုက်ရေး အတွေ့အကြုံ အားနည်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ဖို့ လေ့ကျင့်ထားတာလည်း မရှိပါဘူး။

ဒါ့အပြင် မြန်မာ့လက်ရှိစစ်ပွဲဟာ အများအားဖြင့် တောဘက်‌တွေမှာ အဖြစ်များပါတယ်။ စစ်တပ်ဟာ ပြောက်ကျားနည်းဗျူဟာကို သုံးတဲ့ ခုခံတော်လှန်ရေးအဖွဲ့ အများအပြားနဲ့ တိုက်ခိုက်နေရတာပါ။ ဒါကြောင့် တရုတ်လုံခြုံရေးဝန်ထမ်းတွေဟာ ၁၉၄၈ ခုနှစ်ကတည်းက အဆက်မပြတ် တိုက်ပွဲဝင်နေတဲ့ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေထက် တောတွင်းစစ်ဆင်ရေး၊ ပြောက်ကျားစစ်ဆင်ရေးမှာ ပိုကောင်းတဲ့ လေ့ကျင့်မှုတွေ ရှိဖို့ကတော့ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ခေတ်အဆက်ဆက် နှစ်ပေါင်း ၈၀ နီးပါးကြာအောင် သူပုန်နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီစစ်တပ်ရဲ့ လေ့ကျင့်မှုနဲ့ အတွေ့အကြုံကိုလည်း ကျော်လွန်နိုင်ဖို့ မလွယ်ပါဘူး။

ဒါကြောင့် တရုတ်လုံခြုံရေးကုမ္ပဏီတွေဟာ စစ်တပ်လိုမျိုး တိုက်ခိုက်ရေးအဖွဲ့တွေ မဟုတ်ပါဘူး။ သိမ်းထားတဲ့ နယ်မြေတွေ ပြန်ရဖို့ တိုက်နေတဲ့ စစ်ပွဲရဲ့ အခြေအနေကို ပြောင်းလဲနိုင်ခြေ မရှိပါဘူး။

ဒါပေမဲ့ မြို့ပြဒေသတွေမှာတော့ တရုတ်ဟာ စစ်ကောင်စီရဲ့ ဒစ်ဂျစ်တယ်နည်းနဲ့ လူထုကို စောင့်ကြည့်ထိန်းချုပ်တဲ့ ကိစ္စတွေမှာ သိသာတဲ့ပါဝင်မှု‌တွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီဟာ နယ်မြေတွေ ပိုဆုံးရှုံးလာပြီး ဆက်လက်ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ဖြစ်လာတာနဲ့အမျှ ဒီကိစ္စဟာ ပိုပြီး ပြင်းထန်လာမယ်လို့ မျှော်လင့်ရပါတယ်။

၂၀၂၂ ခုနှစ်ကစပြီး စစ်ကောင်စီဟာ Huawei, Hikvision နဲ့ Dahua Technology တို့ရဲ့ တရုတ်နိုင်ငံလုပ် မျက်နှာမှတ်သားမှုစနစ်တွေကို “လုံခြုံသောမြို့” စီမံချက်ဆိုပြီး အဓိကမြို့ကြီးတွေမှာ အသုံးပြုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မေလမှာ မြန်မာနိုင်ငံဟာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Geedge Networks နဲ့ CEIEC တို့ရဲ့ နည်းပညာနဲ့ တည်ဆောက်ထားတဲ့ စောင့်ကြည့်ရေးစနစ်ကို စတင်အသုံးပြုခဲ့ပါတယ်။ အဲဒီစနစ်မှာ အချက်အလက် အသေးစိတ် စစ်ဆေးခြင်း၊ SSL ကုဒ်ဝှက်ခြင်းကို ဖြည်ခြင်း၊ VPN ကို ပိတ်ဆို့ခြင်းနဲ့ အချိန်နဲ့တပြေးညီ သုံးစွဲမှုတွေကို စောင့်ကြည့်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ တရုတ်နည်းပညာရှင်တွေကလည်း အဲဒီစနစ်ကို အကောင်အထည်ဖော်ဖို့နဲ့ လေ့ကျင့်သင်ကြားပေးဖို့ မြေပြင်မှာ ရှိနေပါတယ်။

အဲဒီ စောင့်ကြည့်ရေးစနစ်တွေကို ဒစ်ဂျစ်တယ် မှတ်ပုံတင်လုပ်ငန်းတွေနဲ့လည်း ပေါင်းစပ်ထားပါတယ်။ စစ်ကောင်စီဟာ တရုတ်စနစ်ကို ပုံတူယူပြီး ဇီဝဆိုင်ရာ အချက်အလက်တွေ ထည့်သွင်းထားတဲ့ စမတ်ကတ်တွေကို စတင်စမ်းသပ်လာခဲ့ပါတယ်။

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေနဲ့ ဒစ်ဂျစ်တယ် မှတ်ပုံတင်စနစ်၊ ငွေပေးချေမှုစနစ်တွေကြား တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း အထောက်အထား မတွေ့ရသေးပေမဲ့ သူတို့ရဲ့အခန်းကဏ္ဍဟာ အချက်အလက်စင်တာတွေ၊ စောင့်ကြည့်ရေးဌာနတွေနဲ့ ဆက်သွယ်ရေးစခန်းတွေအထိ ကျယ်ပြန့်သွားနိုင်ပါတယ်။

စုပေါင်းလိုက်ရင် အဲဒီ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေနဲ့ စောင့်ကြည့်ရေးစနစ်တွေဟာ စစ်ကောင်စီက ခုခံတော်လှန်သူတွေကို ခြေရာခံဖို့၊ ဖမ်းဆီးဖို့နဲ့ ချေမှုန်းဖို့ အသုံးပြုတဲ့ ကျယ်ပြန့်တဲ့ ဖိနှိပ်ရေးယန္တရားတခုကို တည်ဆောက်ထားတာပါ။

မျက်နှာမှတ်သားတဲ့ ကင်မရာတွေက တက်ကြွလှုပ်ရှားသူတွေကို စောင့်ကြည့်နိုင်ပြီး အင်တာနက် ထိန်းချုပ်မှုတွေက အတိုက်အခံ မီဒီယာတွေနဲ့ VPN အသုံးပြုခွင့်ကို ပိတ်ဆို့ထားပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ဆောင်ထားတဲ့ တရုတ်လုံခြုံရေးဝန်ထမ်းတွေဟာ တရုတ်စီမံကိန်းနေရာတွေမှာ လူတွေကို ဖမ်းဆီးပြီး စစ်ကောင်စီရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးပိုင်ခွင့်ရှိတာကြောင့် ဖိနှိပ်မှုကို တာဝန်လွှဲပြောင်းပေးလိုက်သလို ဖြစ်နေပါတယ်။

တရုတ်လုံခြုံရေးကုမ္ပဏီတွေကို အခုလို အသုံးပြုရင်း နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ တပ်စွဲခွင့်မရှိရဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တားမြစ်ချက်ကို စစ်ကောင်စီဟာ လက်တလုံးခြား လုပ်နေပါတယ်။ တခြားတဖက်မှာလည်း တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ‌တွေကို လက်နက်ကိုင်ဆောင်ခွင့် ပေးထားတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မေးခွန်းတွေကို ဖြစ်ပေါ်စေပါတယ်။

တရုတ်တပ်ဖွဲ့ဝင်တွေ၊ လက်နက်ကိုင် တိုက်ခိုက်သူတွေ၊ ဒရုန်းအသုံးပြုသူတွေ မြေပြင်မှာ ရှိနေတယ်ဆိုတာ ခိုင်မာတဲ့ သတင်းအထောက်အထား မရှိသေးပါဘူး။ ဒါပေမဲ့ အခုလို ပေကျင်းရဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေနဲ့ ဒစ်ဂျစ်တယ် စောင့်ကြည့်ရေးစနစ်တွေကြောင့် တရုတ်ရဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှု မရှိဘူးလို့ ငြင်းဆိုချက်တွေဟာ ယုံကြည်နိုင်စရာ မရှိတော့ပါဘူး။

ခြုံငုံပြောရရင် တရုတ်ဟာ အဲဒီကိရိယာတွေ (နည်းလမ်းတွေ) အားလုံးကို သူ့ရဲ့ အကျိုးစီးပွားတွေ ကာကွယ်ပေးဖို့အတွက် အသုံးချနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို တရုတ်အကျိုးစီးပွားအတွက် အထောက်အကူဖြစ်စေမယ့် ပြုပြင်ပြောင်းလဲမှုတွေ၊ စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အချိန်နဲ့တပြေးညီ ဒစ်ဂျစ်တယ် ဖိနှိပ်မှုတွေကတဆင့် စစ်ကောင်စီ အာဏာတည်မြဲဖို့အတွက်လည်း တရုတ်ဟာ ထောက်ပံ့ကူညီ အားဖြည့်ပေးလျက် ရှိနေပါတယ်။

အန်တိုနီယို ဂရေ့စ်ဖို 

(DVB English ဝက်ဆိုက်တွင်  Antonio Graceffo ရေးသားထားသည့်  “An analysis of Chinese security forces’ activities in Myanmar”  သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

ဆောင်းပါးရှင် အန်တိုနီယို ဂရေ့စ်ဖို (Antonio Graceffo) သည် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဘွဲ့များ ရရှိထားသူ ဖြစ်သည်။ အမေရိကန် စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး အာရှတိုက်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်ခဲ့ကာ တွေးခေါ်ပညာရှင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမီဒီယာများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024