
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို စစ်ကောင်စီက မေ ၁၃ ရက် မနက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ကျေးရွာသား ၁၃ ယောက် သေဆုံးပြီး နောက်ထပ် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွန်းရဝေကျေးရွာကို ဒီနေ့မနက် ၁၀ နာရီ ၅ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ရသေ့တောင်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဗုံးက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားတာ။ လောလောဆယ် အလောင်းရထားတာ ၁၃ လောင်းရှိပြီ။ သေသွားတဲ့အထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ အများဆုံးပါဝင်ပြီးတော့ အမျိုးသားတချို့လည်း ပါဝင်တယ်။ နောက်ထပ်လည်း လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိထားတယ်။ အသေအပျောက် အထိအခိုက် အသေးစိတ်တော့ ပြောလို့မရသေးဘူး။ အပျက်အစီးက များတော့ ရှာဖွေစိစစ်နေဆဲ ရှိသေးတယ်။”
ထိခိုက်ဒဏ်ရာရရှိသွားသူတွေဟာ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှု ခံယူနေကြရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွန်းရဝေကျေးရွာက နေအိမ်ပေါင်း ၁၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲမရှိတဲ့ နယ်မြေမှာ အရပ်သားတွေကို စစ်ကောင်စီလေတပ်က ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ရသေ့တောင်မြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ရသေ့တောင်မှာ တိုက်ပွဲတွေ မရှိတော့တာ တနှစ်ကျော်ရှိပြီ။ ဘာစစ်ရေးလှုပ်ရှားမှုမှမရှိတဲ့ အရပ်သားကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်။ ဒီလို ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်တယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်ဘက်က ထိုးစစ်တွေ ရပ်တန့်ထားတာကြောင့် နှစ်ဖက်တိုက်ပွဲတွေဟာ ရပ်တန့်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ စစ်ရေးအင်အား တိုးချဲ့တာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာကို ဒရုန်းကနေ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပါတယ်။