
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ဆိုင်ကယ် ကယ်ရီသမားတွေ အပါအဝင် အရပ်သား ၁၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက PDF ထောက်ပို့ဆိုပြီး စွပ်စွဲဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကယ် ကယ်ရီသမား ၆ ယောက် အပါအဝင် အရပ်သား ၁၁ ယောက်ကို သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း-သဲဖြူ ကားလမ်း ၇ မိုင်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက မေ ၆ ရက်က ၄ ယောက်၊ မေ ၈ ရက်က ၄ ယောက်နဲ့ မေ ၁၁ ရက်က ၂ ယောက် ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
သာပေါင်းဒေသခံ အဖမ်းခံရသူတွေနဲ့ နီးစပ်သူက “PDF ထောက်ပို့ဆိုပြီး ဖမ်းတာ။ သာပေါင်းမြို့နယ်ကနေ ရွှေသောင်ယံကို အခကြေးငွေယူပြီး ကုန်ပစ္စည်းသွားပို့တဲ့ ဆိုင်ကယ် ကယ်ရီသမား ၆ ယောက်နဲ့ သာပေါင်းကနေ ဈေးဝယ်ပြီး သဲဖြူရွာကို ပြန်လာတဲ့ အရပ်သား ၅ ယောက်ကို ဖမ်းဆီးထားတာ” လို့ ပြောပါတယ်။
ဆေးဝါး၊ စားသောက်ကုန်၊ စက်သုံးဆီတွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးတာခံရတဲ့သူတွေ အားလုံးဟာ ဒီနေ့ မေ ၁၂ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
သာပေါင်းဒေသခံ ကုန်ကားသမားတယောက်က “ရဲတွေနဲ့ စစ်ကောင်စီတပ်တွေက သာပေါင်း-ကြက်သွန်ကွင်း အဲဒီလမ်းဆုံမှာ စစ်ဆေးကြမ်းနေတာ။ ခေါင်းစဉ်အမျိုးမျိုးတပ် ဖမ်းနေတာဖြစ်လို့ သတိထား သွားလာကြဖို့လိုတယ်” လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံထားရသူတွေဟာ အမျိုးသားတွေချည်းပဲဖြစ်ပြီး လက်ရှိ သာပေါင်းမြို့မ ရဲစခန်းမှာ ချုပ်နှောင် ရိုက်နှက် စစ်ဆေးနေရပြီး ဒီနေ့အထိ မိသားစုတွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ သာပေါင်းမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်၊ ရဲတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ရခိုင်မှတ်ပုံတင် ကိုင်ထားသူတွေကို အဓိက ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။