
အင်အားပြင်း ငလျင်ဒဏ်သင့် မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးတခု လွင့်ထွက်ကျလာပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငလျင်ဒဏ်သင့် မဟာအောင်မြေမြို့နယ် ဒေသခံတယောက်က “လေပြင်းဒဏ်ကြောင့် လွင့်ပါလာတဲ့ အိမ်အမိုးထိခိုက်မိတာ။ မစိုးရိမ်ရပါဘူး ၃ ယောက် ဒဏ်ရာရတာပါ။ ဒဏ်ရာရတဲ့ ၃ ယောက်ကို မန္တလေးဆေးရုံကြီးကို ပရဟိတအဖွဲ့တွေက ကူညီ ပို့ဆောင်ပေးခဲ့တယ်” လို့ ပြောပါတယ်။
အင်းအားပြင်း ငလျင်ဒဏ်သင့် မန္တလေးမှာ မေ ၁၀ ရက် ညနေက မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ငလျင်ဒဏ်သင့် ဒေသခံတွေရဲ့ ယာယီတဲတွေပြိုကျတာ၊ သစ်ပင်တွေလဲကျတာ၊ ငလျင်ဒဏ်ထိ အဆောက်အအုံတွေ ပြိုကျတာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ခံ အမျိုးသမီးတယောက်က “ငလျင်ဒဏ်ထိထားတဲ့ အဆောက်အအုံတွေလည်း အိအိကျသွားတယ်။ ပြိုကျထားတဲ့ အဆောက်အအုံတွေက အမိုးသွပ်တွေပါ လွင့်ထွက်တာ။ ငလျင်ဒဏ်သင့် ဒေသခံတွေက ယာယီတဲတွေနဲ့ နေနေရတာ၊ သူတို့က အခက်အခဲ အဓိက ဖြစ်တာပေါ့” လို့ ပြောပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်း နဲ့ မုတ်သုံလေဝင်ရောက်လာနိုင်ခြင်းကြောင့် ငလျင်ဒဏ်သင့် ဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း၊ နေပြည်တော်နဲ့ ပဲခူးအပါအဝင် မေ ၁၀ ရက်ကနေ ၁၅ ရက်အတွင်း တိုင်းနဲ့ ပြည်နယ်အချို့မှာ နေရာကွက် မိုးကြီးနိုင်တာကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးဖြစ်စဉ်တွေကို သတိပြုဖို့ လိုအပ်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ငလျင်ဒဏ်သင့် မန္တလေးမှာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ကလည်း အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ၂၈ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ ကြားက ၃ ထပ်တိုက် ၁ လုံး ပြိုကျပျက်စီးခဲ့ပြီး ယာယီတဲတွေ လေထဲလွင့်ပါတဲ့အထိ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။