Home
ရုပ်သံ
ငလျင်ဒဏ်သင့်ဒေသများသို့ လည်ပတ်နိုင်ပြီဟု စစ်ကောင်စီ ထုတ်ပြန်ချက်ကို ဒေသခံများ ဝေဖန်
DVB
·
May 11, 2025

စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ငလျင်ဘေးသင့်ခဲ့ရတဲ့ နေရာတွေကို ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်ပြီလို့ ထုတ်ပြန်ခဲ့တဲ့အပေါ် လက်ရှိအချိန်ထိ စိုးရိမ်ကြောင့်ကြမှုတွေနဲ့နေကြရတဲ့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။ 

မတ် ၂၈ ရက်က အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ အခုဆိုရင် တလကျော်ကြာမြင့်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်နေပြီး ငလျင်ဒဏ်သင့် အဆောက်အအုံတချို့ဟာလည်း ထပ်မံပြိုကျနေပါတယ်။

မေ ၁၀ ရက်နေ့က မန္တလေးမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ငလျင်ဒဏ်ထိတဲ့ အဆောက်အအုံတချို့ ပြိုကျခဲ့ရပါတယ်။ မန္တလေးမြို့မှာ လက်ရှိအချိန်ထိကို ဒေသခံ ပြည်သူတွေက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေနေရတုန်းပဲလို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“တကယ်ဆိုရင် တချို့တွေက အိမ်တွေကို ဖြိုချချင်နေပြီ ပြန်ဆောက်ချင်နေပြီ သို့သော် ခွင့်ပြုမိန့် တင်ရမယ်ဆိုတဲ့ ဟာမျိုးကတော့ ကြန့်ကြာစေတာပေါ့လေ၊ အလုပ်တခုကို နှောင့်နှေးကြန့်ကြာစေတာမျိုးတွေ ဖြစ်တာပေါ့။ ဒီအချိန်ဒီကာလမှာကြတော့ အရေးပေါ်ကာလလို့ ပြောလို့ရတယ်။ အရေးပေါ်ဆိုတာ သဘာဝဘေးနဲ့ ပတ်သက်တဲ့ အရေးပေါ်ကာလပေါ့။ ပြန်လည်ထူထောင်ရေး ကာလဖြစ်တဲ့အတွက် ခွင့်ပြုမိန့်တွေ ဘာတွေဆိုလည်း ချက်ချင်း ပြန်ပြီးတော့ ဖြိုချမိန့်တွေ၊ ပြန်ဆောက်မိန့်တွေက ပေးရမယ့်ဟာကို မပေးဘဲနဲ့ ကြန့်ကြာတာမျိုးတွေကကျတော့ ကြာတော့ကျတော့ မန္တလေးမှာ ရှိတဲ့ လူထုပဲ ငလျင်ဒဏ်ခံရတဲ့ လူထုက ပိုကျပ်တည်းလာတာပေါ့လေ။ ဆိုတော့ စိတ်အရဆိုရင်လည်း မလုံခြုံဘူးပေါ့ဗျာ။ ဒီပျက်စီးနေတဲ့ အိမ်မှာပဲ နေရတဲ့အခါကျတော့ အခုချိန်ထိ တလကျော် ကြာလာတဲ့အထိ နောက်ဆက်တွဲငလျင်တွေက မပြီးသေးတော့ ငလျင်လှုပ်လိုက်ရင်ကို နေ့လှုပ်လှုပ်၊ ညလှုပ်လှုပ် အိမ်အပြင်ကို ထွက်ပြေးရတဲ့ဟာမျိုးတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေက မျိုးစုံနဲ့ ရင်ဆိုင်နေရတုန်းပဲပေါ့လေ” လို့ ပြောပါတယ်။

ငလျင်ဒဏ်သင့်ဒေသက ပြည်သူတွေဟာ အခုလို အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်နေရဆဲ ဖြစ်နေချိန်မှာပဲ မေ ၉ ရက်နေ့က စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ငလျင်ဒဏ်သင့်ဒေသတွေကို ပြည်တွင်းပြည်ပ ခရီးသွားတွေအနေနဲ့ ပုံမှန်အတိုင်း သွားလာနိုင်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ အင်းလေးဒေသက ဒေသခံတွေကတော့ ပုံမှန် ခရီးသွား လည်ပတ်နိုင်ဖို့ ဆိုရင် အင်းလေးကန်အတွင်းက ထိခိုက်တဲ့နေရာတွေကို အန္တရာယ်ကင်းအောင် ပြုပြင်သင့်တယ်လို့ ဆိုကြပါတယ်။ 

အင်းလေးဒေသခံတယောက်ကတော့ ဒီလိုအချိန်မျိုးမှာ အပျော်သဘော အပန်းဖြေမှုအတွက် အင်းထဲကို လာရောက်လည်ပတ်တာမျိုးက မကောင်းဘူးလို့ မြင်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ပုံမှန် ခရီးသွားလည်ပတ်ဖို့ဆိုတာ အင်းလေးကန်အတွင်းမှာ ရှိတဲ့ ထိခိုက်သွားတဲ့ နေရာတွေကို ပြုပြင်ပြီး အန္တရာယ်ရှိနိုင်မရှိနိုင် ဥပမာအားဖြင့်ပေါ့ ဖောင်တော်ဦးဘုရားဟာလည်း ငလျင်လှုပ်ခတ်တဲ့အတွက် ပျက်စီးနေတာမျိုးတွေရှိတယ်။ ဒါတွေကို ပြုပြင်ပြီး စိတ်ချရပြီလား ဆိုတာကိုလည်း ထည့်တွက်သင့်ပါတယ်။ ခရီးသွားလည်ပတ်ဖို့ ပြောတာကတော့ ကောင်းပါတယ်၊ ဘာလို့လဲဆိုရင် အင်းလေးက ခရီးသွားလာရေး လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကြတော့ ပြန်လည်ထူထောင်ရေးမှာ လုပ်ငန်းအနည်းငယ်ကိုတော့ ကူညီရာရောက်ပါတယ်။ ဒါပေမဲ့ ခုလို ငလျင်တွေ ထပ်ပြီးလှုတ်ခတ်နေဆဲ အချိန်မှာ အန္တရာယ်ကင်းဖို့ရယ် ထိခိုက်မှုမရှိအောင်တော့ ပြုလုပ်ပေးရမယ်ပေါ့။ တဖက်အမြင်နဲ့ ပြန်သုံးသပ်ရင်လည်း အပျော်သဘော အပန်းဖြေမှု သပ်သပ်နဲ့တော့ ခုလိုအချိန်မှာ အင်းထဲကို လာရောက်လည်ပတ်တာမျိုးတော့ မကောင်းဘူးလို့ မြင်ပါတယ်။ သူတို့ကတော့ နိုင်ငံတော်သာယာနေပြီ၊ ငါတို့ အစိုးရက လုပ်နေတယ်၊ ဒီမှာ ကြည့်ဆိုပြီး ပြသဖို့အတွက် ဖိတ်ခေါ်နေတယ်လို့ပဲ မြင်တယ်။ တကယ့်လက်တွေ့မှာ အစိုးရရဲ့ ကူညီမှုက အပြည့်အဝ မရပါဘူး။ စေတနာထားပြီး ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးနေတဲ့ ပရဟိတတွေကြောင့်သာ ပြန်လည်ထူထောင်လာနိုင်တာပါ။”

စစ်ကောင်စီ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ငလျင်ဘေးသင့်ဒေသတွေမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တာတွေကို ပြည်တွင်းပြည်ပ ခရီးသွားတွေ လေ့လာကြည့်ရှုပြီး ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရရှိစေနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။

မန္တလေးမြို့ခံ နောက်တယောက်က “ဒါကတော့ ရယ်စရာကောင်းတဲ့ ပြောကြားချက်လို့ ပြောရမလား မသိဘူး။ ခေတ်အဆက်ဆက်မှာလည်း ခိုးလာကြတာပေါ့လေ၊ ခိုးတယ်လို့ပဲ ပြောရမှာပေါ့။ ခေတ်အဆက်ဆက်မှာလည်း ခိုးပြီးတော့ ဆောက်ထားကြတာမျိုးတွေ ဖြစ်တာပေါ့လေ။ ခိုးတယ်ဆိုတာ ကွာလတီမမီတဲ့ ဆောက်လုပ်ထားမှုတွေက ငလျင်လှုပ်သွားလို့ ပျက်သွားတာက ဘာမှ အတုယူစရာ မရှိပါဘူးပေါ့လေ။ ဥပမာ ဆိုလိုချင်တာကဗျာ ဂျပန်ဆိုရင် ငလျင်ဒဏ်ခံနိုင်တဲ့ နည်းပညာတွေနဲ့ ဆောက်ထားလို့ရှိရင် ကျနော်တို့ အတုယူစရာမျိုးတော့ ဖြစ်တာပေါ့လေ။ ဒါ ငလျင်ကြောင့်မို့လို့ မခိုင်ခံ့တဲ့ အဆောက်အအုံ ပြိုကျတာကြီးက ဘာမှ အတုယူစရာ မရှိဘူး။ ဆိုတော့ စကိုင်းဗီလာလို ဟာမျိုးကို ကြည့်ရင်တောင် ပိုပြီးတော့ မြင်သာမှာပေါ့လေ၊ ဆောက်ထားတာကလည်း မကြာသေးဘူး၊ ပြိုကျတယ်ဆိုတာက နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပိုပြီးတော့ ကျစေတဲ့ဟာကို သူတို့က ဒါအတုယူစရာ ဖြစ်ပါတယ်ဆိုတော့ ရီစရာ ကောင်းတဲ့ ထုတ်ပြန်ချက်လို့ပဲ ပြောရမှာပေါ့လေ” လို့ ပြောပါတယ်။

DVB Data Team က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကိုင်းငလျင်ကြောင့် သေဆုံးခဲ့သူ ၄၄၇၇ ယောက်ရှိသွားပြီ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူဦးရေကတော့ ၁၁၃၆၆ ယောက်ရှိပါတယ်။ 

စစ်ကိုင်းငလျင်ကြောင့် နေအိမ်အဆောက်အအုံ၊ လုပ်ငန်းအဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံ အစရှိတဲ့ အဆောက်အအုံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024