Home
မြန်မာသတင်း
မဟာချိုင်တွင် အလုပ်ရှာပေးမည်ဆိုပြီး ပွဲစားများက ငွေကြေးလိမ်လည်နေ
DVB
·
May 11, 2025
Photo: WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့

ထိုင်းနိုင်ငံအလယ်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးနေထိုင်ရာ မဟာချိုင်မှာ အလုပ်သမားတွေကို အလုပ်ရှာပေးမယ်ဆိုပြီး ပွဲစားတွေက ငွေကြေးလိမ်လည်တာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။

အထူးသဖြင့် မဟာချိုင်မှာ  လျှပ်စစ်ပစ္စည်းရုံ၊ မီးသီးစက်ရုံ၊ ပေါင်မုန့်ရုံ၊ ကြာဆံရုံ စတဲ့ စက်ရုံ အမျိုးမျိုးမှာ အလုပ်ဆင်းရမယ်ဆိုကာ အလုပ်သွင်းပေးခ၊ သူဌေးပြောင်းခ၊ အခကြေးငွေ အမျိုးမျိုး တောင်းပြီး လိမ်လည်ကြတဲ့ ဖြစ်စဉ်တွေ များတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ရှိသူ ကိုမုန်တိုင်း က “အခု လိမ်လည်ခံထားရတာဆိုရင် လူဦးရေ အားလုံးပေါင်း ၇၀ ကျော် ရှိတယ်။ WAG ကို အကူညီ တောင်းလာတာတော့ အယောက် ၂၀ နီးပါးပဲ ရှိပါသေးတယ်။ အဓိကကတော့ မဟာချိုင်မှာ မီးသီးရုံ၊ ပါကင်ပိတ်ရုံ၊ လျှပ်စစ်ကြိုး လုပ်တဲ့ ရုံတွေမှာ ပွဲစားတွေနဲ့ အလုပ်ရှာတဲ့ အပိုင်းတွေ တွေ့ရတယ်။ ငွေကြေးကို ဘယ်လို လိမ်လဲဆိုရင် အလုပ်ရှာပေးမယ်ဆိုတဲ့ စမတ်ကြေးတွေ ယူတာ၊ အလုပ်ရှာပေးမယ်ဆိုပြီး တယောက်ကို ဘတ် ၇၀၀၀ ကနေ ၈၀၀၀ အထိရှိတယ်။ နောက် ကျန့်ခေါက်ပေးမယ် (သူဌေးပြောင်းပေးမယ်) ဆိုပြီး တောင်းတာ တယောက် ၃၅၀၀ ရှိတယ်။ ပွဲစားတွေက ထပ်ပြီးယူကြတာရှိတယ်။ အများစု အလိမ်ခံရတာက စာရွက်စာတမ်း မပြည့်စုံသေးတဲ့ Name list သမားတွေ ခံရတာများတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စမွတ်ပရာကန်မှာ လင်မယားစုံတွဲ အလုပ်ရမယ်ဆိုကာ အလုပ်သွင်းပေးခ တဦးကို ဘတ် ၆၅၀၀ ပေးရပြီး၊ အချိန် ၂ လနီးပါးကြာတဲ့အထိ အလုပ် မရသေးဘဲ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခရောက်နေကြတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

အလုပ်သမားတွေဟာ ကိုယ်ပိုင် ဘဏ်အကောင့် မရှိသေးတာကြောင့် အလုပ်သွင်းပေးခ စမတ်ကြေးကို အပြင်မှာ လူချင်းပေးခဲ့ပြီး၊ အလုပ်ရဖို့ တလကျော်ကြာ စောင့်ဆိုင်းတဲ့အထိ အခြေအနေ မထူးဘူးလို့ ဆိုပါတယ်။

မဟာချိုင်မှာ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတယောက်က  “ကျနော်တို့ကို ခေါ်တယ်။ မုန့်ရုံမှာ လင်မယားတွဲ ခေါ်တယ်ဆိုလို့ လင်မယားတွဲ နှစ်တွဲ သွားတယ်။ အဲဒီမှာ အလုပ်အတူ လုပ်ဖို့ အကိုတွေ လင်မယားရောပေါ့။ ဖြစ်စဉ်က ကျနော်တို့မှာ ဘဏ်ကတ်မရှိတော့ အပြင်မှာပဲ ဓာတ်ပုံရိုက်ပြီး ငွေပေးလိုက်တယ်။ ၁၃,၀၀၀ ဘတ် ပေးလိုက်တယ်။ နောက်နေ့ကျ ကျနော့်မိန်းမ စာအုပ်သက်တမ်းတိုးဖို့ ၂,၅၀၀ ပေးရမယ်။ ကျနော်က ဘတ်နဲ့ ဆိုတော့ ၁,၅၀၀ ပေးရမယ်၊ သွေးစစ်ခက ၁,၀၀၀၊ အဲ့မှာ ကျနော်တို့ အလုပ်စောင့်နေတာ ၁ လကျော် ကြာသွားတယ်။ အလုပ်က မရဘူး။ အဲ့မှာ လူပေါင်း အယောက် ၃၀ ကျော်တယ်။ အခန်းငှားနေရတယ်။ ကားခ ၆၀၀၀ ကုန်တယ်။ အခန်းခ ၇၅၀၀ ကုန်သွားတယ် အဲ့မှာတင်ပဲ။ တလကျော်သွားတယ်။ အလုပ်က မဆင်းရဘူး။ သူတို့ ပြောတဲ့ တဆင့်ခံ ပွဲစားက ဟိုနေ့က ဆင်းရမယ်၊ ဒီနေ့ ဆင်းရမယ်ဆိုပြီး မဆင်းရဘူး။ မဟာချိုင်မှာလည်း တလနီးနီးလောက် ကြာပြီး ပိုက်ဆံ ပြန်တောင်းတော့ တောင်းမရဘူး” လို့ ပြောပါတယ်။

မဟာချိုင်မှာ အလုပ်သမားတွေ လိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားလေ့ ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ ပွဲစားနဲ့ အလုပ်ရှာမယ်ဆိုရင် ပွဲစားတွေရဲ့ ပတ်စ်ပို့နဲ့ ဘဏ်အချက်အလက်တွေကို ရယူထားဖို့နဲ့ ပြဿနာ တစုံတရာဖြစ်ရင် ထိုင်းဥပဒေအတိုင်း တရားစွဲဆို တိုင်ကြားဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ ဒသမ ၇ သန်းကျော် ရှိတယ်လို့ အလုပ်သမားရေး လုပ်ဆောင်သူတွေက ခန့်မှန်းထားပြီး၊ ဒီနှစ် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်မှာ သက်တမ်းကုန်တဲ့ အလုပ်သမား အရေအတွက် သိန်းနဲ့ချီ  ဗီဇာသက်တမ်းတိုးဖို့ စောင့်ဆိုင်းနေကြပါတယ်။ 

 ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024