
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာနဲ့ လွယ်လုံဘက်မှာ မေ ပထမအပတ်ကစပြီး PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားနေပြီး PNO ဘက်က ၅ ယောက်သေဆုံးတယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
မေလ ၅ ရက်နေ့က ရေပူကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မေလ ၇ ရက်က လွယ်လုံရွာအနီးမှာလည်း စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။
မြေပြင်ရဲဘော်တယောက်က "ရေပူမှာ ကနဦးအရ ၅ ယောက်ထက်မနည်းသေတယ်။ ၂ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာရတယ်။ PNO /PNA တွေက တိုးလိုက်ဆုတ်လိုက်ပဲ။ လွယ်လုံမှာလည်း တိုက်ပွဲဖြစ်နေတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ထက် PNO ပြည်သူ့စစ်တွေက ပိုများပြီး စစ်ကြောင်းမထိုးခင် လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေ ပြုလုပ်ပြီးနောက် စစ်ကြောင်းထိုးတဲ့အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး အထိနာရင် ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
PNO ပြည်သူ့စစ်တွေက ရုရှားက နည်းပြဆရာတွေခေါ်ယူပြီး သိန်းသောင်းချီအကုန်အကျခံကာ စစ်သင်တန်းတွေ ပို့ချခိုင်းခဲ့ပေမယ့် စစ်မြေပြင်မှာတော့ သေဆုံးနေရတာပဲ ဖြစ်ပါတယ်။
လွယ်လုံကျေးရွာဘက်မှာလည်း PNO ဘက်က စစ်ကြောင်းထိုးလိုက် ပြန်ဆုတ်လိုက်လုပ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်းရှိနေပါတယ်။