
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာထဲမှာ မေ ၈ ရက် မနက် ၉ နာရီခွဲက စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်တလုံးနဲ့ ကလေး ၂ ယောက် ထိခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဇဝဲရွာအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ လူနေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ကာ ၁၀ နှစ်အောက်အရွယ် မိန်းကလေး ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။
“လက်နက်ကြီးထိတဲ့ နေအိမ်ကတော့ မီးလောင်ပျက်စီးသွားတယ်။ ကလေး ၂ ဦးက အဲဒီ မီးလောင်တဲ့အိမ်ကပဲ၊ ဒဏ်ရာအခြေအနေတွေက မစိုးရိမ်ရပါဘူး။”
တိုက်ပွဲဖြစ်တာမရှိဘဲ ရမ်းဖိုကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေး ၂ ယောက်ကိုတော့ ဆေးရုံပို့ဆောင်ထားတယ်လို့ အဆိုပါဒေသခံက ပြောပါတယ်။
မေ ၃ ရက်က စစ်ရေးတင်းမာနေတဲ့ ထုံခါ-မောတောင် လမ်းပိုင်းက သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ကျေးရွာမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
“ကလေးမလေးမှာ ရှပ်ထိပြီးတော့ ဒဏ်ရာကို ၈ ချက်လောက် ချုပ်လိုက်ရတယ်၊ သူ့မိခင်မှာတော့ နည်းနည်းပဲ ထိသွားတာပါ။”
မေ ၆ ရက် မနက်ပိုင်းကလည်း ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးသီးအလုံး ၃၀ ခန့် လာကြဲခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။