
ဂါဇာမှာ စစ်ပွဲအလွန် ယာယီအုပ်ချုပ်ရေးအဖွဲ့တခုကို အမေရိကန်က ဦးဆောင်ဖို့ ဖြစ်နိုင်ခြေကို အစ္စရေးနဲ့ ဆွေးနွေးနေတယ်လို့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် ၅ ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဂါဇာကို စစ်မဲ့ဇုန်ဖြစ်ပြီး တည်ငြိမ်သွားတဲ့ အချိန်မတိုင်မီအထိ၊ အလုပ်ဖြစ်တဲ့ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့တဖွဲ့ ပေါ်မလာမီအထိ ကြီးကြပ်ဖို့ အမေရိကန်တာဝန်ရှိသူတယောက်က ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေး အစိုးရတရပ် ဖွဲ့စည်းဖို့ရာ အဆင့်မြင့်အရာရှိပိုင်း ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ပုံသေသတ်မှတ်ထားတာ မရှိဘဲ မြေပြင်အခြေအနေပေါ် မူတည်မယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ်တွေဟာ လူသိရှင်ကြားထုတ်ပြောခွင့် မရထားတဲ့အတွက် အမည်မဖော်ဘဲ ပြောကြားခဲ့တာလို့ ရိုက်တာက ဖော်ပြပါတယ်။
အဆိုပြုထားဆဲမှာပဲ ရှိသေးတဲ့ ဒီအစီအစဉ်ကို ၂၀၀၃ တုန်းက အီရတ်မှာ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီးတဲ့နောက် အမေရိကန်က ထူထောင်ခဲ့တဲ့ ညွန့်ပေါင်း ယာယီအုပ်ချုပ်ရေးအဖွဲ့နဲ့ နှိုင်းယှဉ်ပြကြပါတယ်။
အဲဒီအဖွဲ့တုန်းက အီရတ်ပြည်သူအများစုက ကျူးကျော်သိမ်းပိုက်ထားတဲ့ အဖွဲ့လို့ ရှုမြင်ခဲ့ကြပြီးတော့ ပုန်ကန်မှုတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အတွက် ၂၀၀၄ မှာ အီရတ် ကြားဖြတ်အစိုးရကို အာဏာလွှဲခဲ့ရပါတယ်။
ဂါဇာက အမေရိကန် ဦးဆောင်တဲ့ အုပ်ချုပ်မှုမှာ တခြားနိုင်ငံတွေကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်မယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှာ ပါလက်စတိုင်းက ပညာရှင်တွေကိုပါ ဖိတ်ခေါ်မှာဖြစ်ပေမဲ့ ဟားမတ်စ်အဖွဲ့နဲ့ အနောက်ဘက်ကမ်းမှာ အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PLO) လို အဖွဲ့မျိုးတွေ ပါဝင်ခွင့်မပြုဘူးလို့လည်း ဆိုပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကတော့ တိုက်ရိုက်မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး ညှိနှိုင်းဆဲကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောလို့မရဘူးလို့ပဲ ထုတ်ပြန်ထားပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ရုံးကတော့ မှတ်ချက်ပေးဖို့ ငြင်းထားပါတယ်။
Source: Reuters