
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် အခြေစိုက် ခလရ ၃၆ တပ်ကနေ စစ်ကောင်စီတပ်သား ၅ ယောက် မနေ့ မေ ၅ ရက်က ထွက်ပြေးသွားတယ်လို့ ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ နီးစပ်နေတဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသ လေးမျက်နှာမြို့နယ်ကို စစ်အင်အား ဖြည့်တင်းဖို့ တပ်သားတွေကို အမိုးအုပ်ကားပေါ် တင်ခေါ်နေစဉ် မေ ၅ ရက် ည ၉ နာရီကျော်က တပ်သား ၅ ယောက်က ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူက “ည ၉ နာရီကျော်ကျော်လောက်က ကျုံပျော်အခြေစိုက် တပ်ရင်း ၃၆ ကနေ ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက အရင်တပ်သားတွေလား၊ စစ်မှုထမ်းလူငယ်တွေလားတော့ မသိသေးဘူး။ အစောင့်တပ် အရာရှိတွေက အရက်မူးနေတာ ဆိုတော့ ပြေးလို့ကောင်းတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် အရာရှိတွေ ဦးဆောင်ကာ လေးမျက်နှာမြို့နယ်ထဲကို စစ်ကူသွားဖို့ စစ်ကား ၅ စီးနဲ့ ပြင်ဆင်နေချိန် ထွက်ပြေးသွားတာဖြစ်ပြီး မေ ၆ ရက် နေ့လယ်ပိုင်းအထိ ပြန်လည်ဖမ်းမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။
တပ်နဲ့နီးစပ်တဲ့ ဒေသခံတယောက်က “ကျုံပျော်မြို့အခြေစိုက်တဲ့ ခလရ ၃၆ တပ်ရင်းထဲမှာက စစ်သားအင်အား အများကြီးရှိတာ မဟုတ်ဘူး။ စစ်မှုထမ်း ပေါ်တာဆွဲထားတဲ့ စစ်သားတွေ ဖြစ်ဖို့များပါတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့ အပူတပြင်း လိုက်လံရှာဖွေတာ မလုပ်ပေမဲ့ စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။