
ပြည်တွင်းမှာ မေ ၁ ရက်က ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားပြုလုပ်ခဲ့တဲ့ အလုပ်သမားအဖွဲ့တချို့ဟာ စစ်ကောင်စီသြဇာခံ နယ်မြေခံရဲနဲ့ အဖွဲ့စုံရဲ့ စစ်ဆေးမေးမြန်းတာ ခံရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။
ပြည်တွင်းအခြေစိုက် အလုပ်သမားအဖွဲ့ ခေါင်းဆောင်တယောက်က “အခမ်းအနားလုပ်ပြီးမှ ရဲတွေရော၊ အရပ်ဝတ်နဲ့သူတွေပါ ရောက်လာပြီး စစ်ဆေးတာတွေလုပ်တယ်။ ခွင့်ပြုချက်မရဘဲ လုပ်မရဘူးဆိုတာ မသိဘူးလား၊ ဘာညာနဲ့ ပြောတယ်။ အဖွဲ့က တရားဝင်လား၊ တခြားဘယ်အဖွဲ့တွေနဲ့ ဆက်စပ်လဲဆိုတာတွေလည်း မေးတယ်” လို့ ပြောပါတယ်။
အဲဒီလို မေဒေးနေ့အခမ်းအနားပြုလုပ်တာ၊ မေဒေးနေ့နဲ့ပတ်သက်လို့ ထုတ်ပြန်တဲ့သဝဏ်လွှာမှာ စစ်ကောင်စီ မလိုလားတဲ့ စကားလုံး အသုံးအနှုန်းတွေပါတာကို အကြောင်းပြုပြီး ဦးဆောင်တဲ့သူတွေကို စစ်ချက်သဘော ကနဦးရယူသွားပြီး အမှုဖွင့်အရေးယူခံရနိုင်မယ့် အခြေအနေ ရှိနေတယ်လို့ အလုပ်သမားအဖွဲ့တာဝန်ရှိသူတချို့က ပြောပါတယ်။
အမည်မဖော်လိုတဲ့ အလုပ်သမားအဖွဲ့ခေါင်းဆောင်တယောက်က “မေဒေးလိုနေ့မှာတောင် အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုကို ရန်ရှာတာက တော်တော်ရုပ်ပေါက်တယ်။ အောက်ခြေက သိလို့ လုပ်တာဖြစ်ဖြစ်၊ မသိလို့လုပ်တာဖြစ်ဖြစ် ဒီဖြစ်ရပ်တွေအတွက် စစ်ကောင်စီကပဲ တာဝန်ရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့် ပြဋ္ဌာန်းချက် အမှတ် ၈၇ နဲ့ အဓမ္မခိုင်းစေမှု ပြဋ္ဌာန်းချက်အမှတ် ၂၉ တို့ကို ချိုးဖောက်ကျူးလွန်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိထားပြီး ပုဒ်မ ၃၃ နဲ့ ဒဏ်ခတ်အရေးယူဖို့ ရှိပါတယ်။
အဲဒီလို ILO က အရေးယူဖို့ ရှိနေချိန်မှာပဲ မေဒေးနေ့အခမ်းအနားလုပ်တဲ့ အလုပ်သမားအဖွဲ့တွေ စောင့်ကြည့်စစ်ဆေးခံရသလို စစ်ကောင်စီရဲ့အရေးယူမယ့် ဖိအားပေးခံရမှုတွေလည်း ရှိနေပါတယ်။