
ဘင်္ဂလားပင်လယ်အော်စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) ရဲ့ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ဘင်္ဂလားဒေ့ရှ်အစိုးရဆီ တာဝန်ယူမှုရှိစေဖို့ စာရေးသားပေးပို့ခဲ့တယ်လို့ မေ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားကာလအစိုးရ အကြံပေးပုဂ္ဂိုလ်ချုပ် ဒေါက်တာ မိုဟာမက်ယူနွတ်စ်ဆီကို SAC-M က ဧပြီ ၁၅ ရက်က စာရေးသားပေးပို့ခဲ့တာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ တရားဝင်ကန့်ကွက် ဆန့်ကျင်ခဲ့ခြင်း မရှိတဲ့အတွက် အံ့အားသင့်ပြီး ထိတ်လန့်ဖွယ်ရာဖြစ်တယ်လို့ စာထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။
SAC-M က ဘင်္ဂလားဒေ့ရှ်ကို တရားဥပဒေစိုးမိုးရေးနဲ့ တာဝန်ယူမှုကို အကောင်အထည်ဖော်ဖို့၊ စစ်ခေါင်းဆောင်ကို တရားစွဲဆိုထားမှုတွေမှာ ထောက်ခံပံ့ပိုးပေးဖို့နဲ့ စစ်အုပ်စုကို တရားဝင် အသိအမှတ်မပြုဖို့ တိုက်တွန်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသာ းအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေစတဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။