Home
မြန်မာသတင်း
VOA ဝန်ထမ်းများ ပုံမှန်လုပ်ငန်းခွင်ပြန်ဝင်ရန် ဝါရှင်တန်ဒီစီ အယူခံတရားရုံးက အမိန့်ထပ်ချ
DVB
·
May 3, 2025

VOA သတင်းဌာန ဝန်ထမ်းတွေပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်ဝင်ဖို့ ဝါရှင်တန်ဒီစီအယူခံတရားရုံးက အမိန့်ထပ်ချခဲ့ပေမဲ့ RFA နဲ့ RFE သတင်းဌာနတွေရဲ့ ဘတ်ဂျက်ငွေကိုတော့ ထရမ့်ပ်အစိုးရက သူ့သဘောအတိုင်း ဆက်လက်ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

VOA ဝန်ထမ်းတွေ ပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်ဝင်ဖို့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီအယူခံတရားရုံးက ဒေသစံတော်ချိန် မေ ၁ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

ဧပြီ ၂၂ ရက်က ဒီစီခရိုင်တရားရုံးက ချမှတ်တဲ့အမိန့်ကို ထရမ့်ပ်အစိုးရရှေ့နေတွေက အယူခံဝင်ခဲ့ပေမဲ့ အယူခံတရားရုံးက မူလတရားသူကြီးဆုံးဖြတ်ချက်အတိုင်း ဆက်လက် အမိန့်ချခဲ့တာပါ။

VOA မြန်မာပိုင်း၊ အစီအစဉ်တင်ဆက်သူ မအင်ကြင်းနိုင်က “ဒီစီအယူခံတရားရုံးက ထုတ်ပြန်ထားတဲ့အမိန့်က ကြာသပတေးနေ့မှာ ထွက်လာတယ်။ VOA ဝန်ထမ်းတွေ အားလုံးအလုပ်ကို အရင်အတိုင်းပုံမှန်ပြန်ပြီးလုပ်ဖို့ဆိုတာကို ချမှတ်ထားတယ်။ အစိုးရဘက်က ကျမတို့ကို အလုပ်ခွင်မှာ ပြန်ပြီးလုပ်ခွင့်ပြုဖို့ သူတို့က ဆောင်ရွက်ရမယ်ဆိုတဲ့အမိန့်ပေါ့နော်။ သူတို့နောက်ဆုံးဆုံးဖြတ်ချက်ကတော့ အနှေးနဲ့အမြန်ထွက်လာမယ်ဆိုတာမျိုးတော့ရှိတယ်။ တလကျော်ကြာရပ်ဆိုင်းထားတဲ့ Sam Brownback အသံလွှင့်လုပ်ငန်းကို ပြန်စရမယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအသေးစိတ်ပြန်ပြီးတော့လုပ်မလဲဆိုတာကိုတော့ ကျမတို့အခု ညွှန်ကြားချက်တွေ စောင့်နေပါတယ်။ အစိုးရရှေ့နေတွေဘက်ကတော့ အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း VOA ဝန်ထမ်းတွေပြန်ပြီးတော့ အလုပ်လုပ်ခွင့်ရအောင် သူတို့တွေက ဆောင်ရွက်နေပါတယ်။ နောက်လာမယ့်သီတင်းပတ်အတွင်းမှာ ကျမတို့ အသံလွှင့်လုပ်ငန်းတွေကို ပြန်ပြီးတော့ စနိုင်အောင်လို့ သူတို့ကြိုးစားဆောင်ရွက်နေပါတယ်ဆိုတဲ့ အကြောင်းပြန်စာတွေ ကတော့ ကျမတို့ရရှိထားတယ်။ ဘယ်လိုပုံစံစမလဲဆိုတဲ့ တရားဝင်ညွှန်ကြားစာ အီးမေးလ်ပေါ့နော် ဒီလိုစာတွေကတော့ ကျမတို့မရသေးတဲ့အတွက် လောလောဆယ်မှာတော့ ညွှန်ကြားချက်တွေကို စောင့်နေရတုန်းရှိပါသေးတယ်”လို့ ပြောပါတယ်။

ဒီစီခရိုင်တရားရုံးက ဧပြီ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တဲ့ လွတ်လပ်တဲ့အာရှအသံ (RFA) နဲ့ လွတ်လပ်တဲ့အရှေ့ဥရောပအသံ (RFE) တို့အတွက် ၂၀၂၅ ခုနှစ်အတွက်မူလကချပေးထားတဲ့ ဘတ်ဂျက်ငွေတွေကို ထရမ့်ပ်အစိုးရက ပြန်ချပေးဖို့ ရည်ညွှန်းတဲ့ဆုံးဖြတ်ချက်ကိုတော့ အယူခံတရားရုံးက ဆုံးဖြတ်ချက်ပြောင်းလဲခဲ့ပြီး သမ္မတထရမ့်အစိုးရရဲ့သဘောအတိုင်း ဘတ်ဂျက်ငွေတွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထရမ့်ပ်အစိုးရဟာ သတင်းဌာနတွေကို ရပ်ဆိုင်းတာအပါအဝင် အငြင်းပွားဖွယ်ရာ ဆောင်ရွက်ချက်အများအပြားကို သမ္မတတာဝန်ယူပြီး ၃ လကျော်ကာလအတွင်းမှာ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့လုပ်ရပ်ကြောင့် တရားစွဲဆိုမှုအများအပြားကို ရင်ဆိုင်နေရပြီး အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာ အကြား တွန်းတိုက်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဥပဒေပညာရှင်နိုင်ငံရေးသမား ဆမ်ဘရောင်းဘက်ခ်က “တရားသူကြီးက အဲ့ဒီကိစ္စရပ် အပေါ်မှာ တကယ်ရပ်တည်နေပါတယ်။ တရားရုံးကိုစောင့်ကြည့်ရမှာပါပဲ။ ဥပဒေနဲ့အညီလုပ် ဆောင်သွားမှာပါပဲ။ ဒီကိစ္စရပ်အပေါ်မှာ ဆွေးနွေးပြောဆိုမှုတွေအများကြီးရှိနေတယ်လို့ မြင်ပါတယ်။ လုပ်ငန်းစဉ်ကလည်းသွားနေပါတယ်။ ဘယ်လို ဖြစ်ပျက်မယ်ဆိုတာ စောင့်ကြည့်ရမှာ ပေါ့”လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ရဲ့အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်ကတရားပြန်စွဲထားတဲ့အမှု ၂ ခုရှိခဲ့ပြီး တခုက ဂျာနယ်လစ်တွေက လုပ်ငန်းပုံမှန် ပြန်လည်ပတ်နိုင်ရေးတောင်းဆိုချက်နဲ့ စွဲထားတဲ့အမှု ဖြစ်ပါတယ်။

နောက်တခုက VOA ဒါရိုက်တာက သမ္မတထရမ့်ပ်ရဲ့အမိန့်ဟာ လွှတ်တော်မှာပြဋ္ဌာန်းထားတဲ့  ဥပဒေတွေကို ကျော်လွန်နေတာကြောင့် တရားမဝင်ကြောင်း စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်တွေအရ အမှု ၂ ခုစလုံးမှာ ဝန်ထမ်းတွေဘက်က အသာစီးပြန်ရတာ တွေ့ရပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024