
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက စစ်ကောင်စီရဲကင်းစခန်းတခုကို မေ ၂ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ သေဆုံးဒဏ်ရာရကြသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
နတ်တလင်မြို့အရှေ့ဘက်မှာရှိတဲ့ ဒမငယ်ရွာ ရဲကင်းစခန်းသိမ်းတိုက်ပွဲကို စစ်ဆင်ရေးနယ်မြေ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ၂၂ က တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂၊ တပ်ခွဲ ၆ နဲ့ နတ်တလင်း ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံက ပြောပါတယ်။
တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ရဲကင်းစခန်းကို အဲဒီနေ့ မနက် ၄ နာရီဝန်းကျင်ကနေ စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်ချိန် ၁ နာရီနီးပါးကြာမြင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပဲခူးတိုင်း စစ်ရေးတာဝန်ခံ က “သတင်းအရတော့ အဲဒီရဲကင်းစခန်းမှာ ရဲနဲ့ပျူအင်အား ၁၀ ယောက်ကျော်လောက်ရှိမယ်။ ဒီဘက်ကအဖွဲ့တွေဝင်တိုက်ချိန် တိုက်ပွဲအတွင်းမှာပဲ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေရှိတယ်။ ရဲနဲ့ ပျူ ၃ ယောက်သေတယ်။ ကျန်တဲ့ ရဲနဲ့ပျူတွေက ထွက်ပြေးသွားကြတယ်။ ဒီဘက်က ရဲဘော်တွေကလည်း သူတို့စခန်းက လက်နက်ခဲယမ်းတွေသိမ်းပြီး တန်းပြန်ဆုတ်လာကြတာ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူးလို့ သိရပါတယ်ဗျ။ နတ်တလင်းမြို့နယ်ထဲမှာ မြေပြင်စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေပါတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီ ရဲကင်းစခန်းကနေ G3 သေနတ် ၁ လက်၊ ကာဘိုင် သေနတ် ၃ လက်၊ MA3 သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမဗုံးသီး ၉ လုံး၊ ပလတ်စတစ် နင်းမိုင်း ၅ လုံး၊ ယာဉ်ဖျက်မိုင်း ၄ လုံး နဲ့ G3 ကျည်အတောင့် ၁၂၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း တိုက်ပွဲအတွင်းမှာပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အသီးသီးသတင်းထုတ်ပြန်ထားကြပါတယ်။