Home
မြန်မာသတင်း
True Green City ပိုင်ရှင်က စက်ရုံတွင်းသမဂ္ဂဖျက်သိမ်းရန် ခြိမ်းခြောက်မှုအပေါ်  STUM ရှုတ်ချ
DVB
·
May 3, 2025
Photo: Solidarity of Trade Union Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်း၊ အမှတ် ၁၃၅ မှာ ဖွင့်လှစ်ထားတဲ့ True Green City ကော်စေ့စက်ရုံ ပိုင်ရှင်က စက်ရုံအတွင်းမှာ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ကို ဖျက်သိမ်းပေးဖို့ ဖိအားပေးခြိမ်းခြောက်မှုအပေါ် သွေးစည်း ညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က မေ‌ ၂ ရက်မှာ ရှုတ်ချလိုက်ပါတယ်။

စက်ရုံအတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့က လုပ်သားတွေအပေါ် နေ့စားကြေး ၆,၈၀၀ ကျပ်ကို ၁၀,၀၀၀ ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် စက်ရုံပိုင်ရှင်က သမဂ္ဂအဖွဲ့ကို ဖျက်သိမ်းပေးရင် နေ့စားကြေး တိုးပေးမယ်လို့ ပြောဆိုခဲ့ကြောင်း STUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"မင်းတို့သမဂ္ဂအဖွဲ့ကို ဖျက်ပေး၊ မင်းတို့ဖျက်ပေးရင် Day ကြေးမကဘူး၊ ဘာမဆိုလုပ်ပေးမယ်။ သမဂ္ဂရှိနေရင် ဘာမှမလုပ်ပေးနိုင်ဘူး။ အစိုးရ ပေးခိုင်းတိုင်းလည်း ငါတို့မပေးနိုင်ဘူး။ ရုံးကိုသွားတိုင်ရင်လည်း ဂရုမစိုက်ဘူး။ အစိုးရက ငါတို့စက်ရုံမှာ ရင်းနှီးမြှုပ်နှံထားတာမရှိဘူး။ မင်းတို့သမဂ္ဂအဖွဲ့စည်း ဖျက်မယ်ဆိုရင် ဘယ်လောက် ပေးရပေးရ။ ငါတို့ကို လျော့မတွက်နဲ့၊ မင်းတို့အဖွဲ့အစည်းကို မပျက်ပျက်အောင် ဖျက်မှာ” လို့ စက်ရုံပိုင်ရှင်က ပြောဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားများသမဂ္ဂဥပဒေ (၂၀၁၁) အရ အလုပ်သမားတွေဟာ သမဂ္ဂများဖွဲ့စည်းခွင့်၊ အဖွဲ့ဝင်ခွင့်နဲ့ သမဂ္ဂဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ခွင့်ရှိပေမဲ့လည်း True Green စက်ရုံပိုင်ရှင်က အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ချိုးဖောက်ကာ သမဂ္ဂကို ဖြိုခွင်းဖို့ ခြိမ်းခြောက်နေတယ်လို့လည်း STUM က ဆိုပါတယ်။

True Green ကော်စေ့စက်ရုံ ပိုင်ရှင်ဆိုသူရဲ့ အခုလိုမျိုး သမဂ္ဂဖြိုခွင်းဖို့ ခြိမ်းခြောက် ကြိုးပမ်းလာမှုအပေါ် STUM အနေနဲ့ ပြင်းထန်စွာရှုတ်ချပြီး စက်ရုံပိုင်ရှင်ရဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင် စောင့်ကြည့်သွားမယ်လို့လည်း ဆိုပါတယ်။

အထက်ပါ ကိစ္စနဲ့ ပတ်သက်ပြီး True Green ကော်စေ့စက်ရုံ ပိုင်ရှင် ဘက်တော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024