
ပုပ်ရဟန်းသည်၊ ဆန်းစုကြည်ကို
လွှတ်မည်ဆိုက၊ ကြိုဆိုပါ့မည်
ဗာတီကန်မှာ၊ ခိုလှုံပါဟု
အဆိုပြုခဲ့ပါသည်တကား။ ။
ပုပ်ရဟန်းမင်းကြီးဟာ မြန်မာ့အရေးကို ပြည်သူ့ဘက်ကရပ်တည်ပြီး ၂ ကြိမ် တောင်းဆိုခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ်မှာ တကြိမ်နဲ့ ၂၀၂၄ ခုနှစ်မှာ တကြိမ် ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံမှာ နေအိမ်တွေမီးရှို့ခံရပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူအများအပြားဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသလို သူတို့အတွက် အခြေခံလူသားချင်းစာနာမှု အထောက်အပံ့တွေလည်း မရှိဘူးဖြစ်နေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ထောက်ပြ မိန့်ဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကို လေးစားဖို့လိုကြောင်း အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
နောက်တကြိမ်ကတော့ ၂၀၂၂ ခုနှစ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ ဗာတီကန်မှာတောင် ခိုလှုံနေထိုင်ခွင့် ပေးမယ်လို့ အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုခဲ့တာပါ။
၂၀၂၂ ခုနှစ်က ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက်ကို ဆောင်းပါးရှင် ဆရာ “မြတ်ကောင်းခန့်” က (သတ္တိရှိပေးတော်မူကြပါဘုရား) ဆောင်းပါးမှာ အခုလို ရေးထားခဲ့ပါတယ်။
“မျက်မှောက်ကာလ မြန်မာနိုင်ငံမှာ ဗမာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေ အနေများတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်မှာ လူနေအိမ်ပေါင်း ၂၀,၀၀၀ ကျော်ကို မင်းအောင်လှိုင်ရဲ့ လက်ကိုင်တုတ်တပ်က မီးရှို့ဖျက်ဆီးထားပါတယ်။ အပြစ်မဲ့ပြည်သူ ၂,၀၀၀ ကျော်ကိုလည်း သတ်ဖြတ်ထားသလို နိုင်ငံရေးအကျဉ်းသားတချို့ကို သေဒဏ်ချမှတ်တဲ့အပြင် သေဒဏ်ကို စီရင်မယ်လို့ မိစ္ဆာရာဇသံ ပေးထားပါတယ်။”
ရှက်စရာတော့ ကောင်းလှပါတယ်။
ဗုဒ္ဓဘာသာဝင်များ ဖိနှိပ်သတ်ဖြတ်ခံနေရချိန်မှာ ဗုဒ္ဓရဲ့ သာဝကအဖြစ် သင်္ကန်းစည်းထားတဲ့ အထင်ကရ ဆရာတော်ကြီးတွေဆီက စကားတခွန်း၊ စာတကြောင်း ဘာသံမှ မထွက်ချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကို လေးစားဖို့လိုကြောင်း တိုက်တွန်းလိုက်ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်က စိန့်ပီတာရင်ပြင်မှာ ကျင်းပတဲ့ ယေရှုခရစ်တော် လူဝင်စားခြင်းနေ့ အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာသိ တိုက်တွန်းမိန့်ဆိုသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေအိမ်တွေမီးရှို့ခံရပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူအများအပြားဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး သူတို့အတွက် အခြေခံလူသားချင်းစာနာမှု အထောက်အပံ့တွေလည်း မရှိဘူးဖြစ်နေတယ်လို့ ပုတ်ရဟန်းမင်းကြီးက ထောက်ပြထားတာပါ။
လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်ရပ်တည်ခွင့်ဆိုတာကို လေးစားကြဖို့ တိုက်တွန်းလိုက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကိုလည်း လေးစားကြဖို့၊ မတိုက်ခိုက်ကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ဆိုခဲ့တဲ့အပြင် မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ တောင်းဆိုချက်တွေမှာ သူလည်းအတူ ပူးပေါင်းပါဝင်ကြောင်းနဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက မေ့လျော့မထားပါဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုလိုက်ပါတယ်။
အခုလို ဘာသာခြား ခရစ်ယန်သာသနာပိုင်ကြီးက မြန်မာပြည်သူများအရေးကို တောင်းဆိုလိုက်တော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ချိန်က မြန်မာသံဃာတွေကို စစ်အစိုးရက သတ်လို့ဆိုပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ထိုင်းသံဃာ အပါး ၂၀၀ လမ်းလျှောက် ဆန္ဒပြခဲ့တာကို သတိရမိလိုက်ပါတယ်။ အဲဒီအချိန်က ချင်းမိုင် ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းက မြန်မာသံဃာတွေကို လျှောက်ထားကြည့်တော့ သူတို့နဲ့ မဆိုင်ဘူးလို့တောင် ပြန်မိန့်ခဲ့တာပါ။
စုလွှတ်ပေးရေး တောင်းဆိုခဲ့သူ ပုပ်ရဟန်းမင်းကြီး
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ ဗာတီကန်မှာ ခိုလှုံခွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြား တောင်းဆိုခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ ဗာတီကန်နိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ကြားလိုက်တဲ့အကြောင်း ၂၀၂၄ စက်တင်ဘာ ၂၃ မှာ အီတလီသတင်းမီဒီယာတခုမှာ ဖော်ပြခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက သွားရောက်ခဲ့တဲ့ အာရှခရီးစဉ်အတွင်း ဒေသတွင်း ရိုမန်ကက်သလစ် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို မိန့်ကြားခဲ့တာဖြစ်ပြီး ရောမမြို့မှာ ဒေါ်စုရဲ့သားငယ် ကင်မ်အဲရစ်နဲ့ တွေ့ဆုံချိန်ကလည်း ဗာတီကန်မှာ လာရောက်ခိုလှုံမယ်ဆိုရင် လက်ခံဖို့လည်း အဆိုပြုထားခဲ့တာပါ။
ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို နှုတ်ဆိတ်နေလို့ မရပါဘူး။ တခုခုတော့ လုပ်ရမှာပါ။ တခုခု ပြောရမှာပေါ့။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေက ရေငုံနေချိန် ပုပ်ရဟန်းမင်းကြီးကတော့ မြန်မာ့အရေးကို နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ပိုင်ဆိုင်မှု
ဖိလစ်ပိုင် ခရစ်ယန်ဘာသာဝင်တယောက်က အောက်ပါအတိုင်း ရေးပါတယ်။
ပုပ်ရဟန်းမင်း ဖရန်စစ် ပျံလွန်တော်မူချိန်မှာ ဒေါ်လာ ၁၀၀ သာ ပိုင်ဆိုင်မှုရှိပါတယ်။ ပစ္စည်းဥစ္စာမရှိပါ။ ဘဏ်စာရင်းမရှိပါ။ ရင်းနှီးမြှုပ်နှံမှုမရှိပါ။ သူဟာ နှစ်စဉ် လစာ ဒေါ်လာ ၃၄၀,၀၀၀ သို့မဟုတ် ကျပ် သိန်း ၁၅,၀၀၀ ကျော်ကို ပိုင်ဆိုင်ခွင့် ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ မယူခဲ့ဘူး။ ဆင်းရဲနွမ်းပါးမည် ကတိပြုထားတဲ့အတိုင်း အသက်ရှင်နေထိုင်ခဲ့ပြီး တပြားတချပ်ကိုမျှ မယူခဲ့ပါ။ သူဟာ ပုပ်ရဟန်းမင်းနန်းတော်မှာ မနေခဲ့ပါ။ ဗာတီကန်ရှိ ရိုးရှင်းတဲ့ ဧည့်ဂေဟာကို သူရွေးချယ် နေထိုင်ခဲ့ပါတယ်။ သူဟာ ဇိမ်ခံမှုမရှိဘဲ နေထိုင်ခဲ့တယ်။ သူဟာ နှိမ့်ချမှုနဲ့ နေထိုင်ခဲ့တယ်။ စစ်မှန်တဲ့ ခေါင်းဆောင်မှုဟာ ရွှေ ငွေတွေ တန်ခိုးအာဏာတွေ မလိုကြောင်း သတိပေးခဲ့သူဖြစ်တယ်။ နှိမ့်ချမှုဟာ ဘွဲ့အမည်တွေထက် သာလွန် ကြီးကျယ်ကြောင်း ကမ္ဘာကို ကိုယ်တော်ပြသခဲ့ပါတယ်။ သူပျံလွန်သွားပြီးနောက် လူသားတို့ဟာ သူ ဘယ်လို အသက်ရှင် နေထိုင်သွားခဲ့သလဲ ဆိုတာကို လေ့လာသင်ယူကြရပေလိမ့်မည်။
ပုပ်ရဟန်းမင်းကြီးဟာ သူ့လစာတွေကို မယူခဲ့ပါ။ လောဘနည်းခဲ့ပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးလစာနဲ့ နိုင်ငံတော်အတိုင်ပင်ခံလစာ နှစ်ခုထဲကနေ တခုကိုသာ ယူခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ စာအုပ်ရေးသား ရောင်းရငွေတွေ နိုဘယ်လ်ဆု အပါအဝင် ဆုအသီးသီးက ရရှိငွေတွေကို မြန်မာပြည် ကျန်းမာရေး ပညာရေးတို့ အတွက်သာ လှူထားပါတယ်။ အလားတူ သမ္မတကြီး ဦးဝင်းမြင့်ဟာလည်း နိုင်ငံခြားခရီးစဉ်တွေမှာ သုံးပိုင်ခွင့်ရှိတဲ့ ဒေါ်လာငွေတွေကို မသုံးဘဲ ပြန်အပ်ခဲ့ပါတယ်။ အခုလက်ရှိ သမ္မတဖြစ်ချင်နေသူ မအလ ဆိုရင် ဒေါ်လာတွေ အကုန်သုံးပစ်မှာပေါ့။ နောက်ထပ်တောင် ထပ်တောင်းပါလိမ့်ဦးမယ်။ ဒါကြောင့်လည်း ကာချုပ်ကြီး မအလ မိသားစုမှာ ပိုင်ဆိုင်မှုတွေများ ကြွယ်ဝချမ်းသာနေကြတာပေါ့။ တခြားဗိုလ်ချုပ်ကြီးတွေလည်း ဒီနည်းနှင်နှင်ပါပဲ။ ဒါတောင် သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့ တရားစွဲ ထောင်ချထားသေး။ ပြောင်းပြန်။
ပုပ်ရဟန်းမင်းကြီးက မြန်မာရဟန်းတွေကို လမ်းပြခဲ့ပြီ
တွံတေးမြို့ ရွာကြီးတရွာက ကျောင်းထိုင်ဆရာတော်ကြီးပိုင် ငွေကျပ် သိန်းပေါင်း ၆ သောင်း သူခိုး ခိုးခံရတဲ့သတင်း ကြားရတယ်။ အဲသည် ဆရာတော်ဟာ ဆွမ်းကျွေးအလှူ အသုဘ စသဖြင့် တရားပွဲတိုင်းကို သူတပါးတည်းသာ သွားပြီး အလှူရသမျှငွေတွေကို အကုန်ယူသတဲ့။ တခြားကျောင်းနေ ရဟန်းတွေကို တရားဟောဖို့ မသွားခိုင်းဘူးတဲ့။ မလွှဲသာလို့ တရားဟော လွှတ်ရင်လည်း အလှူရသမျှ သူ့ကို တဝက်ခွဲပေးရသတဲ့။ မြန်မာပြည်မှာ အလားတူ လောဘများတဲ့ ကြီးတဲ့ ဆရာတော်တွေ တွေ့ တွေ့နေရတာ ရှက်ဖွယ်ပါ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်ရဲ့ ရဟန်းတွေကို လမ်းပြခဲ့ပါပြီ။ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ အပါအဝင် နွေဦးတော်လှန်သူ လူငယ်တွေကို သေဒဏ်ပေးနေကြတယ်။ မြန်မာ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေရဲ့ ဇီဝိတဒါန အသက်အလှူခံပါတယ်ဆိုတဲ့ အသံ မကြားရပါ။ လူတွေ ထောင်ချီသတ်နေတဲ့ စစ်ကောင်စီကို ပုပ်ရဟန်းမင်းကြီးက တားဆီးသလို ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ ဆရာတော်ကလေးတွေရဲ့ တားဆီးသံများ မကြားရ ကြာလေပြီ။ တိုင်းပြည်ကို ဒီမိုကရေစီ ရရှိရေး ဦးဆောင်မည့် ဒကာမကြီး အသက် ၈၀ တောင် ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ အလှူခံပါတယ်ဆိုတာမျိုး ဗုဒ္ဓဘာသာဆရာတော် တပါးမျှ မရှိခဲ့၊ မရှိသေးပါ။ ပုပ်ရဟန်းမင်းကြီးကတော့ မနှစ်ကတည်းက တောင်းထားဆိုခဲ့ပြီ။
ဒါကြောင့် မြန်မာပြည်သူပြည်သားများအရေးကို ပြည်သူပြည်သားတွေရဲ့ ဆွမ်း သင်္ကန်း ကျောင်း ဆေး လေးပါးအလှူ ခံယူတော်မူခဲ့ကြတဲ့၊ ခံယူတော်မူနေကြဆဲဖြစ်တဲ့ ရဟန်းတော်များက သတ္တိရှိရှိ မတောင်းဆိုခဲ့ပါဘူးလို့ ပြောရင် မှားမည်လား။ မှန်မည်လား။ ဒါပေမဲ့ မြန်မာပြည်သူပြည်သားများအရေးကို ဘာသာခြားဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ နှစ်ကြိမ်တိုင်တိုင် ကြိုးစား တောင်းဆိုထားခဲ့တာကတော့ သမိုင်းမှတ်တမ်းတင်ထားပြီ ဖြစ်ပါတယ်။ ။
မောင်တူး