
ငလျင်နောက်ဆက်တွဲ တိုက်တာအဆောက်အအုံတွေ ရှင်းလင်းဖို့နဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့အတွက် တဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နဲ့ နေပြည်တော် အပါအဝင် နေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့ မတ် ၂၈၊ ၂၉ နဲ့ ၃၀ ရက်နေ့တွေက လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်း ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေတိုက်တာနဲ့သာသနိကအဆောက်အအုံတွေ၊ သမိုင်းဝင် အမွေအနှစ်တွေကို ရှင်းလင်းဖယ်ရှားဖို့၊ အသက်ရှင် ကျန်ရစ်ခဲ့သော လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုအရ ဧပြီ ၁ ရက်မှ ၃၀ ရက်နေ့အထိ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါပေပမဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား ကြီးမားသော ပျက်စီးဆုံးရှုံးမှုတွေကို ဖယ်ရှားရှင်းလင်းတဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေဟာ ၁ လ ကြာတဲ့အထိ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးတာကြောင့် ဆက်လက်ဆောင်ရွက်နိုင်ဖို့ မေ ၁ ရက်မှ ၃၁ ရက်အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တဖက်သတ် အပစ်ရပ်ကာလအား ထပ်မံ ၁ လ သက်တမ်း တိုးလိုက်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ကြေညာလိုက်ချိန်ကြစပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှလွဲပြီး မိမိတို့ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး ပြုလုပ်မှာမဟုတ်ကြောင်း ညီနောင် ၃ ဖွဲ့က အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၆ ရက်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။