ပအိုဝ်းအမျိုးသားတပ်မတော် (PNA)က အဆင့်မြင့် စစ်ရေးအထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ တပ်ရင်း ၄ ၊ လေ့ကျင့်ရေးကွင်း အောင်ဆုဗွေစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မေ ၁ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသား အယောက် ၁၅၀ ပါဝင်ကာ ရုရှားနိုင်ငံမှ သင်တန်းနည်းပြဆရာများ ငှားရမ်းပြီး သင်တန်းကာလ ၅ လ နီးပါးနဲ့ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။
သင်တန်းမှာပါဝင်သူတယောက်က “သင်တန်းမှာ အဓိက ကိုယ်ခံပညာ၊ ဒရုန်းတိုက်ခိုက်နည်းနဲ့ ပစ်ခတ်မှုတွေ အသေးစိတ် ပါဝင်တယ်။ သင်တန်းသားတွေတော့ အရင်က စစ်သင်တန်းတက်ပြီး ရှေ့တန်းတက်ဖူးတဲ့သူ အတွေ့အကြုံရှိတဲ့သူကိုပဲ သူတို့က ပြန်လေ့ကျင့်ပေးတာဖြစ်တယ်” လို့ ပြောပါတယ်။
သင်တန်းမှာ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) မှ ခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီလည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး စစ်ရေးပြခြင်း၊ သင်တန်းအောင်လက်မှတ်နဲ့ သင်တန်းကာလ ထူးချွန်ဆုများပါ ပေးအပ်ခြင်း အစီအစဉ်တို့ ပါဝင်တယ်လို့ ပြောပါတယ်။
PNO ပြည်သူ့စစ်က စစ်ကောင်စီနဲ့ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ကာ ပအိုဝ်းဒေသမှာ စစ်မှုထမ်းကောက်တာ၊ ဆက်ကြေးကောက်တာ လစဉ် ပြုလုပ်နေတယ်လို့ သိရပါတယ်။