
ချီလီရဲတပ်ဖွဲ့ဟာ FBI ရဲ့ အကူအညီနဲ့ အမေရိကန်ပြည်ထောင်စုမှာ လုယက်မှုတွေ လုပ်နေတဲ့ နိုင်ငံတကာ သူခိုးဂိုဏ်းကို နှိမ်နင်းခဲ့ကြောင်း အာဏာပိုင်တွေက ဧပြီ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ပန်ဆယ်လ်ဗေးနီးယား စစ်ဆင်ရေး” လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ အဲဒီစီးနင်းမှုကို ဧပြီ ၂၉ ရက် ညပိုင်းက ဆန်တီယာဂိုရှိ ဒါဇင်နဲ့ချီတဲ့ နေအိမ်တွေမှာ ပြုလုပ်ခဲ့ရာမှာ လူ ၂၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး ပီဆို ၁ ဒသမ ၃ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၃၆ သန်း) တန်ဖိုးရှိ ပစ္စည်းတွေနဲ့ အိမ်ခြံမြေတွေကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
“အမေရိကန် FBI နဲ့ ချီလီ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုတခုပါ” လို့ ချီလီအစိုးရရှေ့နေ မာကို ပက်စ်တန်က ပြောပါတယ်။
အဓိကအားဖြင့် သူတို့ဟာ အမေရိကန်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်ပြီးတော့ ချီလီမှာ ငွေကြေးခဝါချမှုတွေကို လုပ်ဆောင်ကြတာလို့ ဆိုပါတယ်။
သိပ်မကြာသေးခင်က ဝါရှင်တန်ရှိ စားသောက်ဆိုင်တခုမှာ အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုးမ်ရဲ့ ပိုက်ဆံအိတ် ခိုးယူခံရမှုနဲ့ ကမ္ဘာကျော် ပေါ့ပ်စတား တေလာဆွစ်ဖ်ရဲ့ ချစ်သူ ကန်းဆက်စ် စီးတီးချိဖ်စ် ဘောလုံးအသင်းက ကစားသမား ထရားဗစ်စ် ကဲလ်စီ အပါအဝင် ပရော်ဖက်ရှင်နယ် အားကစားသမားတွေရဲ့ နေအိမ်တွေထဲကို ဖောက်ထွင်းဝင်ရောက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာတွေ အပါအဝင် နာမည်ကြီး ဖောက်ထွင်းလုယက်မှုတွေမှာ ချီလီနိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
ထိန်းသိမ်းထားသူ အများစုဟာ ချီလီမှာ ရာဇ၀တ်ပြစ်မှုမှတ်တမ်း မရှိပေမဲ့ ချီလီရှိ ပိုင်ဆိုင်မှုတွေကို ခဝါချတဲ့ ပြည်ပမှာ ရာဇဝတ်မှုနဲ့ အသက်မွေးကြတဲ့ နိုင်ငံတကာ သူခိုးတွေသာ ဖြစ်တယ်လို့ ချီလီနိုင်ငံ ငွေကြေးနဲ့ ပိုင်ဆိုင်မှုခဝါချမှုဌာန (PDI) ရဲ့ စုံစမ်းစစ်ဆေးရေးရဲဌာန အကြီးအကဲ ဂျွန်နီ ဖီကာက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုကို မနှစ်က စတင်ခဲ့ပြီး FBI က ရရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ဆောင်ရွက်ခဲ့တယ် လို့လည်း ဖီကာက ပြောဆိုပါတယ်။
စီးနင်းရှာဖွေမှုအတွင်း မှတ်တမ်းတင် ဓာတ်ပုံတွေမှာ အိုင်ဖုန်းတွေ၊ ဇိမ်ခံနာရီတွေ၊ မော်တော်ကားတွေ၊ ပိုက်ဆံအိတ်တွေ၊ ဖိနပ်တွေနဲ့ ပြည့်နေတဲ့ အံဆွဲတွေကို ပြသထားပါတယ်။
Source: Reuters