
မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဒီရက်အတွင်း လျှပ်တပြက်ရေကြီးနိုင်တယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မန္တလေးတိုင်းက ရမည်းသင်းနဲ့ မိတ္ထီလာခရိုင်၊ မကွေးတိုင်းက ဂန့်ဂေါခရိုင်၊ ကချင်ပြည်နယ်က ပူတာအိုခရိုင်နဲ့ ရှမ်းပြည်နယ်က တောင်ကြီး၊ လွိုင်လင်၊ လင်းခေးနဲ့ ကျိုင်းတုံခရိုင်တို့မှာ မေ ၁ ရက် နေ့လယ် ၁၂ နာရီခွဲကနေ ၂၄ နာရီအတွင်း လျှပ်တပြက်ရေကြီးနိုင်တယ်လို့ ဆိုပါတယ်။
လျှပ်တပြက်ရေကြီးခြင်းဆိုင်ရာ ကြိုတင်သတိပေးစနစ်ကနေရရှိတဲ့ မှတ်တမ်း အချက်အလက်တွေအရ အဲဒီဒေသတွေမှာ ဒီမနက်ပိုင်းက မိုးရေချိန် ၆ ဒသမ ၈၉ လက်မအထိ ရွာသွန်းခဲ့သလို နောက် ၂၄ နာရီအတွင်းမှာလည်း မိုးရွာနိုင်သေးတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြစ်ငယ် ချောင်းငယ်တွေ၊ တောင်ကျချောင်းတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရလည်း ဒီနေ့ကနေ မေ ၄ ရက်နေ့အတွင်း တနိုင်ငံလုံးမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်သလို မိုးရွာတာနဲ့အတူ လေပြင်းတွေတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတာတွေဖြစ်နိုင်လို့ သတိပြုကြဖို့လည်း သတိပေးထားပါတယ်။
ပုံအညွှန်း - ၂၀၂၃ ခုနှစ် မန္တလေး၊ ပုသိမ်ကြီးတွင် တောင်ကျချောင်းရေကြောင့် ရေကြီးစဉ်မြင်ကွင်း