
စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO) ပုဒ်မ ၃၃ အရ ထိရောက်စွာ အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်မယ့် ၁၁၃ ကြိမ်မြောက် 2025 International Labor Conference (ILC) မှာ အခုလို စစ်ကောင်စီကို အရေးယူဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မိမိတို့အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အပါအဝင် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ယူ၊ တာဝန်ခံမှု ရှိစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နိုင်ငံတကာလွှတ်တော်၊ အစိုးရ၊ အဖွဲ့အစည်း၊ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ တော်လှန်ရေးမှာ ဘုံရည်မှန်းချက်ပန်းတိုင် တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်မှာ နိုင်ငံတကာ သဘောတူစာချုပ်တွေ၊ စံညွှန်းတွေနဲ့အညီ တန်းတူညီမျှမှု ရရှိဖို့၊ လူနေမှုဘဝများ ပိုမိုတိုးတက်အောင်မြင်နိုင်ဖို့အတွက် အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ပိုမိုခိုင်မာအားကောင်းပြီး လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကေခိုင်