
မန္တလေးမြို့အနီး သံဘိုကျွန်းမှာ ငလျင်ကြောင့် ကျွန်းမြေတွေ ကွဲထွက်သွားတာကြောင့် သီးနှံတွေ စိုက်ပျိုးဖို့နဲ့ အက်ကွဲကြောင်းအတွင်း ကျဆင်းသွားတဲ့ အိမ်တွေကို ပြန်လည်ပြင်ဆင်တည့်မတ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်း မန္တလေးမြို့ရှိ တိုက်တာအအောက်အအုံ အဟောင်း အသစ်နဲ့ ရှေးလက်ရာတွေ ထိခိုက်ခဲ့ရသလို မန္တလေးမြို့အနီး ဧရာဝတီမြစ်ထဲက သံဘိုကျွန်းမှာလည်း စိုက်ပျိုးမြေနဲ့ လူနေအိမ်တွေလည်း ထိခိုက်ခဲ့ပြီး ပြန်လည်ပြုပြင်ဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။
မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း တဖက်ခြမ်းမှာရှိတဲ့ သံဘိုကျွန်းမှာ ငလျင်ကြောင့် စိုက်ပျိုးမြေတွေ ကွဲအက်သွားခဲ့သလို ကျေးရွာအတွင်းမှာ ဖြတ်သန်းသွားတဲ့ ပြတ်ရွေ့အတွင်း အိမ်တွေ ပြိုကျတာတွေလည်း ရှိခဲ့ပါတယ်။
သံဘိုကျွန်းဒေသခံတယောက်က “ကျွန်းမြေကျတော့ အမာခံမြေ မဟုတ်တဲ့အတွက် အပျက်အစီး ပိုများပါတယ်။ ဒီလိုပေါ့။ လူတွေ ဘာတွေတော့ အန္တရာယ်မရှိပါဘူး။ ပစ္စည်းတွေတော့ ဆုံးရှုံးတယ်။ ဒီလို ကျင်းကြီးတွေ ဖြစ်သွားတာကြောင့် ပိုဆိုးသွားတာပါ။ တည်ဆောက်နိုင်ဖို့ ဆိုတာတော့ ပျက်စီးသွားတဲ့ ကာယကံရှင်အနေနဲ့ကတော့ လုပ်ငန်းကလည်း မရှိ၊ စားဖို့တောင်မှ အနိုင်နိုင်ဖြစ်နေတဲ့အတွက် ဒါကို မပြင်နိုင်ဘူး။ ကျနော်တို့ ပံ့ပိုးတာကိုလည်း ကျေးဇူးတင်တယ်။ အဲဒါလေးတွေကို စုပြီးတော့ ပြန်ပြင်ရမှာ။ အလုပ်မလုပ်နိုင်လို့။ မျှော်ကိုးတာတော့ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
သံဘိုကျွန်းပေါ်မှာ ငလျင်ဘေးနဲ့ ပြိုပျက်သွားတဲ့ နေအိမ် အလုံး ၃၀ ရှိပြီး စုစုပေါင်း အိမ်ထောင်စုက ၃၆၀ ရှိပါတယ်။
ကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြသူ တောင်သူ အယောက် ၃၀ ရှိပြီး ကျန်တဲ့မိသားစုဝင်တွေကတော့ နေ့စဥ် မန္တလေးဘက်ကမ်းကို ကူးပြီး လက်လုပ်လက်စား အသက်မွေးကြသူတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်း ငလျင်လှုပ်ခတ်ချိန်မှာ သီးနှံသိမ်းပြီးချိန်ဖြစ်လို့ သီးနှံ ထိခိုက်ပျက်စီး ဆုံးရှုံးတာတွေ မရှိပေမဲ့ မြစ်ရေဖုံးလွှမ်းပြီးတဲ့နောက် လာမယ့်စိုက်ပျိုးရာသီမှာတော့ ငလျင်အက်ကွဲကြောင်းတွေကတဆင့် မြေပြိုတာတွေ၊ မြေဆီလွှာ အပြောင်းအလဲ ဖြစ်လာမှာတွေကို တောင်သူတွေက စိုးရိမ်နေကြပါတယ်။
ဒေသခံတယောက်က “ကျန်တဲ့နေရာတွေကတော့ စိုက်ရမှာပေါ့။ ခုထားပါတော့ အက်ကြောင်း ရှိတယ်။ လွတ်တဲ့နေရာတော့ စိုက်လို့ရဦးမှာပေါ့။ ဒီနေရာတွေကတော့ ဆုံးရှုံးမှုဖြစ်သွားမှာ။ အက်ကြောင်းရှိတဲ့ နေရာတွေကတော့ လျော့ကျနိုင်တယ်။ လျော့ကျနိုင်တယ်ဆိုတာ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို ငလျင်လှုပ်လိုက်တယ်ဆိုရင် မြေဆီလွှာတွေက ကျသွားတယ်လို့ ယူဆတယ်။ ကျနော်တို့ ဆောင်းတွင်းမှာ ထားပါတော့၊ ငလျင်အသေးလေးတွေ လှုပ်လိုက်တယ်။ မြေပဲ စိုက်ပြီးပြီ၊ မြေပဲ စိုက်ပြီးတဲ့အချိန်မှာ ငလျင်လှုပ်လိုက်ရင် အဲဒီမြေပဲတွေက မအောင်တော့ဘူး။ ဒါက အတွေ့အကြုံပေါ့”လို့ ပြောပါတယ်။
သံဘိုကျွန်းမှာ မြေပဲ၊ ကန်စွန်းဥ၊ ချဥ်ပေါင်၊ ခရမ်း၊ ပဲတောင့်ရှည်နဲ့ စပါးလင် စတဲ့ သီးနှံတွေကို စီးပွားဖြစ် အဓိကထားစိုက်ပျိုးကြပြီး ထောပတ်ပဲ၊ ပဲနီပြားလို့ ခေါ်ကြတဲ့ စွန်တာနီနဲ့ အခြား ပဲမျိုးတွေကိုလည်း ဝမ်းစာအတွက် စိုက်ပျိုးကြပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် သက်ရောက်မှုရှိတဲ့ ဒေသတွေထဲမှာ မန္တလေးတိုင်း အပါအဝင် စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ်တို့ရှိ စိုက်ပျိုးမြေ ဟက်တာ ၃ ဒသမ ၇ သန်းကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်သင့်ဒေသတွေမှာရှိတဲ့ တောင်သူတွေ အပါအဝင် လူပေါင်း ၄ သိန်းကျော်ကို ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး လိုအပ်တယ်လို့ FAO က ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ မန္တလေးမြို့တဖက်ကမ်း၊ ပုသိမ်ကြီးမြို့နယ်မှာ ပါဝင်တဲ့ သံဘိုကျွန်းရှိ ငလျင်ကြောင့် ပြိုပျက်သွားတဲ့ အိမ်တွေနဲ့ ထိခိုက်ခံစားရသူတွေအတွက် အကူညီတစုံတရာ လာရောက်ပေးအပ်တာ မရှိသေးဘူးလို့ သိရပါတယ်။
ဟန်န