
ဖြုတ်ချခံထားရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့မှုနဲ့ ပတ်သက်ပြီးတော့ အာဏာအလွဲသုံးစားမှုနဲ့ပါ မေ ၁ ရက်မှာ ထပ်မံ စွဲချက်တင်လိုက်ပါတယ်။
လက်ရှိမှာ နိုင်ငံတော်ပုန်ကန်မှုအတွက် စစ်ဆေးခံနေရတဲ့ သမ္မတဟောင်းကို ဥပဒေအရာရှိတွေက နောက်တမှု ထပ်စွဲလိုက်တာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်မှာ တောင်ကိုရီးယားလွှတ်တော် မကျင်းပနိုင်အောင် တားဆီးဖို့ စစ်သားတွေ၊ ရဲတွေကို အမိန့်ပေးခဲ့ရာမှာ သူ့ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ အမတ်တွေရဲ့ အခွင့်အရေးကျင့်သုံးမှုကို ဟန့်တားနှောင့်ယှက်ခဲ့တယ်လို့ ထပ်မံစွဲချက်တင်တာ ဖြစ်ပါတယ်။
သမ္မတမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ ကင်းလွတ်ခွင့်တွေ ရှိတာကြောင့် အဲဒီကင်းလွတ်ခွင့်ထဲ မပါတဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ပဲ ဇန်နဝါရီ ၂၆ ရက်က စွဲချက်တင်ခဲ့တာပါ။
ပြီးခဲ့တဲ့လအစောပိုင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယွန်းအပေါ် စွပ်စွဲဖြုတ်ချမှုကို အတည်ပြုပေးခဲ့ပါတယ်။
ဒါကြောင့် သမ္မတ မဟုတ်တော့တဲ့ ယွန်းကို တာဝန်ယူစဉ်က အာဏာအလွဲသုံးစားမှုလိုမျိုး တခြားစွဲချက်တွေနဲ့ပါ ထပ်မံစွဲဆိုလို့ ရသွားပါတယ်။
Source: Reuters