
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီ လုံခြုံရေးစစ်ကြောင်းတခုကို ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဖြတ်တောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ ဒီကနေ့ မေ ၁ ရက်မှာ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၃၀ ရက်၊ မနက် ၈ နာရီမှာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းဖြစ်တဲ့ ငဖဲမြို့နယ်၊ ပဇီရွာတပ်စခန်းကနေ လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အခုလို ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို MA အမျိုးအစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နတ်ရေကန်တပ်စခန်း မကျစေဖို့အတွက် ပဇီကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃) က တပ်သားတွေ ကားလမ်းလုံခြုံရေး ဆောင်ရွက်ဖို့ လာရောက်စဉ်မှာ အခုလိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ငဖဲမြို့နယ်၊ ပဇီဘုန်းကြီးကျောင်းမှာ တပ်မ ၉၉၊ ကပစ ၂၊ ၁၀၊ ၁၃၊ ၁၄ က အင်အား ၁၃၀ လောက် တပ်စွဲပြီးတော့ နေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ထုတ်ယူရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကေခိုင်