
တနင်္သာရီတိုင်းထဲက မြိတ်-ထားဝယ် ကားလမ်းမှာ တိုက်ပွဲဖြစ်ပြီး ကုန်ကားတွေ ဖြတ်သန်းခွင့်မရဘဲ ပိတ်မိနေတာကြောင့် ရေလမ်းကနေ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်နေရတယ်လို့ မြိတ်မြို့ခံတွေဆီက သိရပါတယ်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝရဲစခန်းကို ဧပြီ ၁၈ ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့တာကြောင့် မြိတ်-ထားဝယ် ကားလမ်းမှာ ကုန်ကားတွေကို ဖြတ်သန်းခွင့် ပိတ်ထားလိုက်တာလို့ ပြောပါတယ်။
တိုက်ပွဲကြောင့် မြိတ်-ထားဝယ်ကားလမ်း ပိတ်ထားတာ ၂ ပတ်ခန့်ကြာပြီ ဖြစ်တဲ့အတွက် ကုန်စိမ်းတွေ ပုပ်သိုးကာ ပြတ်လပ်မှုမရှိအောင် ထားဝယ်ဘက်မှ ပိတ်မိနေတဲ့ ကုန်ကားတွေက ကုန်စိမ်းပစ္စည်းတွေကို ရေလမ်းကနေ သွားရောက်သယ်ယူနေရတာဖြစ်တယ်လို့ မြိတ်မြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အခု ရေလမ်းကနေ သယ်ယူနေတော့ ပစ္စည်းအရမ်းပြတ်သွားတာ မရှိတော့ဘူး။ စျေးနှုန်းတွေ တယောက်နဲ့တယောက် ရောင်းချတာ မတူကြဘူး။ ရေလမ်းကတင်ဆောင်တာမှာ လှေထဲကို ရေဝင်တာနဲ့ ဆုံးရှုံးမှုတွေ ရှိနေတော့ စျေးနှုန်းတွေ အပြောင်းအလဲရှိကြတယ်။”
တိုက်ပွဲဖြစ်ပြီး မြိတ်မြို့ကိုဆင်းမယ့် ကုန်ကားတွေ ထားဝယ်ဘက်မှာ ပိတ်မိနေခဲ့တဲ့အတွက် ကုန်စိမ်းတွေ ပြတ်လပ်ကာ စျေးနှုန်းတွေ ထိုးတက်မြင့်မားခဲ့တယ်လို့ သိရပြီး ကားလမ်းပိုင်းပိတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကြက်ဥစျေးနှုန်း ကျပ် ၈၀၀ အထိ တက်ခဲ့ကာ တခြားကုန်စိမ်းတွေလည်း ဝယ်လို့မရလောက်အောင် ပြတ်လပ်ခဲ့တယ်လို့ မြိတ်မြို့ခံပြည်သူတွေဆီက သိရပါတယ်။
အရင်နှစ်ကုန်ပိုင်းတုန်းကလည်း မြိတ်-ထားဝယ် ကားလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပြီးနောက် ကုန်ကားတွေ ပိတ်မိခဲ့လို့ မြိတ်မြို့ပေါ်မှာ ကုန်စျေးနှုန်းတွေ အဆမတန် ထိုးတက်ခဲ့ကာ ပြတ်လပ်မှုတွေလည်း ကြုံခဲ့ရပါသေးတယ်။