
ကနေဒါနိုင်ငံဟာ မိမိတို့ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကုန်သွယ်ရေး၊ လုံခြုံရေးတို့ကို ဆွေးနွေးမှာဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ပြောပါတယ်။
ကနေဒါနိုင်ငံဟာ အမေရိကန်ဆီက လေးစားမှုရဖို့ ထိုက်တန်ကြောင်း BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ ကနေဒါရဲ့ အချုပ်အခြာ အာဏာကို လေးစားဖို့ ကာနေးက ပြောဆိုထားပါတယ်။
ကနေဒါ ဝန်ကြီးချုပ်ရုံးရဲ့ အဆိုရအလည်း ကာနေးနဲ့ ထရမ့်ပ်တို့ မကြာမီ တွေ့ဆုံဖွယ်ရှိတယ်လို့ သိရပါတယ်။
“ကနေဒါနဲ့ အမေရိကန်တို့ အတူတူ အလုပ်လုပ်တာက အရေးကြီးတယ်ဆိုတာ ခေါင်းဆောင်တွေက သဘောတူပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာ တည်တဲ့ နိုင်ငံတွေအနေနဲ့ နှစ်ဦးနှစ်ဖက် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရမှာပါ” လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ကနေဒါ ရွေးကောက်ပွဲမှာ ကာနေး အနိုင်ရတာနဲ့ ပတ်သက်ပြီးလည်း ထရမ့်ပ်က ဂုဏ်ယူတဲ့အကြောင်း ပြောဆိုထားပါတယ်။ ထရမ့်ပ်ဟာ ဒုတိယသမ္မတသက်တမ်းအတွက် ပြန်ရွေးချယ်ခံရပြီးတဲ့နောက် ကနေဒါကို အမေရိကန်ရဲ့ ၅၁ ပြည်နယ်အဖြစ် ပြုလုပ်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးသလို အင်္ဂါနေ့ အစောပိုင်းကလည်း ထပ်မံ ပြောဆိုခဲ့တာ တွေ့ရပါတယ်။
ကနေဒါရဲ့ ရွေးကောက်ပွဲဟာ အမေရိကန်ရဲ့ ၅၁ ပြည်နယ်မြောက်အဖြစ် သတ်မှတ်မယ့် ထရမ့်ပ်ရဲ့ အစီအစဉ်ကို ထိခိုက်မှုမရှိကြောင်း အိမ်ဖြူတော် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ကနေဒါအတွက် အဓိက စီးပွားရေးကြီးတခုဖြစ်ပြီး ပို့ကုန် ၇၅ ရာခိုင်နှုန်း တင်ပို့နေရပါတယ်။ အမေရိကန်နိုင်ငံကတော့ ကနေဒါကို တင်ပို့မှု ၁၇ ရာခိုင်နှုန်းသာ ရှိပါတယ်။
ကနေဒါဟာ အမေရိကန်ဆီကို ရေနံစိမ်း အများဆုံးပေးသွင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်က ဒေါ်လာ ၄၅ ဘီလီယံရှိမယ်လို့ ခန့်မှန်းရပါတယ်။
Source: Reuters