
ဆွီဒင်နိုင်ငံ အပ်ပ်ဆာလာမြို့မှာ ဧပြီ ၂၉ ရက်က ပစ်ခတ်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး လူသတ်မှုကို စပြီး စုံစမ်းစစ်ဆေးနေပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်ရာနေရာကနေ စကူတာတစီးနဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူ တယောက်ကို ရဲတပ်ဖွဲ့က ရှာနေတယ်လို့ ဆွီဒင်မီဒီယာ TT သတင်းဌာနက ဖော်ပြ ပါတယ်။
မြို့လယ်က သေနတ်သံတွေ ကြားတဲ့ ပြည်သူတွေက ဖုန်းဆက် အကြောင်းကြားတာကို လက်ခံရရှိခဲ့ပြီး အရေးပေါ်ဌာနတွေက အခင်းဖြစ်တဲ့ နေရာဆီ အမြန်ရောက်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က အစောပိုင်းမှာ ပြောပါတယ်။
မြို့တော်စတော့ဟုမ်းရဲ့ မြောက်ဘက်က တက္ကသိုလ်မြို့ ဖြစ်တဲ့ အပ်ပ်စာလာမြို့ အလယ်ပိုင်းက အခင်းဖြစ်ပွားရာနေရာက ဓာတ်ပုံတွေထဲမှာ ရှာလွန်မ်လို့ နာမည်ပေးထားတဲ့ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ ရဲတွေ ရောက်နေတာကို ပြထားပါတယ်။ ရဲတပ်ဖွဲ့က စပြီး စုံစမ်းစစ်ဆေးနေချိန်မှာ ဧရိယာကြီးတခုလုံးကို ပိတ်ဆို့ထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူရဲ့ အသေးစိတ် အချက်အလက် တွေကိုရော ကျူးလွန်ရတဲ့ အကြောင်းရင်းကိုပါ ချက်ချင်းလက်ငင်း မဖော်ပြသေးပါဘူး။
ဆွီဒင်နိုင်ငံမှာ ပစ်ခတ်မှုနဲ့ ဗုံးခွဲမှုတွေ မကြာမကြာ ဖြစ်နေပြီး အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေနဲ့လည်း နှစ်ပေါင်းများစွာ လုံးထွေးနေခဲ့ပါတယ်။
Source: Reuters