
မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး စစ်ရေးနဲ့ နိုင်ငံရေးတွေကို အတူဆောင်ရွက်သွားကြမယ်လို့ အဆိုပါအဖွဲ့တွေက ဧပြီ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပခုက္ကူခရိုင်ထဲက ရေစကြိုမြို့နယ် ပကဖ၊ ပေါက်မြို့နယ် ပကဖ နဲ့ မြိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းလိုက်ကြတာလို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ ပခုက္ကူခရိုင်ထဲမှာရှိကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအချင်းချင်း သင့်မြတ်ပြီး ကောင်းမွန်တဲ့ ရေရှည်ဆက်ဆံရေးတွေဖြစ်ဖို့၊ အဖွဲ့တွေအချင်းချင်း လိုအပ်ချက်တွေကို အပြန်အလှန်ပံ့ပိုးကူညီနိုင်ကြဖို့တွေနဲ့ ရေစကြို၊ မြိုင်၊ ပေါက် မြို့နယ်တွေက မြို့နယ်၊ ဇုန်၊ တိုက်နယ်၊ ရပ်ကျေးအဖွဲ့တွေနဲ့လည်း စစ်ရေးကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ ပကဖ တာဝန်ခံတွေ မြေပြင်မှာ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်တွေရကြလို့ အခုလိုပူးပေါင်းလိုက်ကြတာဖြစ်ပါတယ်” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဝေကြီးက DVB ကို ပြောပါတယ်။
မြေပြင်မှာတွေ့ကြုံနေရတဲ့ ပကတိအခြေအနေတွေအပေါ်မူတည်ပြီး စစ်ရေး၊ နိုင်ငံရေး၊ နယ်မြေလုံခြုံရေးနဲ့ ဒေသတွင်းတော်လှန်ရေးတွေ အားကောင်းစေဖို့အတွက် စိတ်တူကိုယ်တူ လက်တွဲညီညီဆောင်ရွက်သွားမယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပခုက္ကူခရိုင်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေအပြင် လက်နက်ကြီးတွေပစ်ခတ်တာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက်လည်း ဒေသခံပြည်သူ အများအပြားသေဆုံးဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တွေ ထိခိုက်ပျက်စီးကြသလို ဒေသခံထောင်ချီ နေရပ်စွန့်ခွာပြီးဘေးလွတ်ရာနေရာတွေမှာ နေထိုင်နေကြရတယ်လို့လည်း မကွေးတိုင်းအတွင်းက စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။