
၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ မတ်လအထိ ရန်ကုန်-မန္တလေးအမြန်လမ်း အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ ယာဉ်တိုက်မှုကြောင့် လူပေါင်း ၄၅၃ ယောက် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။
ရန်ကုန်တိုင်းထဲမှာ ၈၈ ယောက် သေဆုံးခဲ့လို့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ ၆၇ ယောက်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ၅၇ ယောက်စီ၊ ရှမ်းပြည်နယ်မှာ ၅၆ ယောက်၊ မွန်ပြည်နယ်မှာ ၃၃ ယောက်နဲ့ အများဆုံး သေဆုံးခဲ့ပြီး ချင်းနဲ့ ကယားပြည်နယ်တို့မှာတော့ သေဆုံး၊ ဒဏ်ရာရသူ မရှိပါဘူး။ ဒီကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၈၅၆ မှု ဖြစ်ခဲ့ပြီး ဒဏ်ရာရသူ ၁၂၆၅ ယောက် ရှိခဲ့ပါတယ်။
အမြန်လမ်းမှာတော့ ယာဉ်တိုက်မှု ၄၅ မှုဖြစ်ပြီး ၁၇ ယောက် သေဆုံး၊ ၁၁၆ ယောက် ဒဏ်ရာရတာကြောင့် အရင်နှစ်ကာလတူနဲ့ယှဉ်ရင် သေဆုံးသူ ၉ ယောက် လျော့သွားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကနေ မတ်လအထိ နေပြည်တော်မှာ ယာဉ်တိုက်မှု ၂၆ မှုဖြစ်ခဲ့ပြီး ၂၄ ယောက် သေဆုံး၊ ၅၆ ယောက် ဒဏ်ရာရ၊ ကချင်ပြည်နယ်မှာ ယာဉ်တိုက်မှု ၁၅ မှု ဖြစ်ခဲ့ပြီး ၁၄ ယောက်သေဆုံး၊ ၉ ယောက် ဒဏ်ရာရ၊ ကရင်ပြည်နယ်မှာ ယာဉ်တိုက်မှု ၁၂ မှု ဖြစ်ခဲ့ပြီး ၁၀ ယောက်သေဆုံး၊ ၇ ယောက် ဒဏ်ရာရ၊ စစ်ကိုင်းတိုင်းမှာ ယာဉ်တိုက်မှု ၁၂ မှု ဖြစ်ခဲ့ပြီး ၉ ယောက် သေဆုံး၊ ၁၁ ယောက် ဒဏ်ရာရ၊ တနင်္သာရီတိုင်းမှာ ယာဉ်တိုက်မှု ၁၅ မှုဖြစ်ခဲ့ပြီး ၉ ယောက် သေဆုံး၊ ၂၁ ယောက် ဒဏ်ရာရ၊ မကွေးတိုင်းမှာ ယာဉ်တိုက်မှု ၂၈ မှုဖြစ်ခဲ့ပြီး ၁၀ ယောက် သေဆုံး၊ ၅၁ ယောက် ဒဏ်ရာရ၊ ရခိုင်ပြည်နယ်မှာ ယာဉ်တိုက်မှု ၂ မှုဖြစ်ခဲ့ပြီး ၂ ယောက် သေဆုံးတယ်လို့ စာရင်းမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိမှာတော့ ရန်ကုန်-မန္တလေး အမြန်လမ်းအပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ ယာဉ်တိုက် ၁၁၀၅ မှု ဖြစ်ခဲ့ပြီး ၅၈၅ ယောက် သေဆုံး၊ ၁၅၅၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မနှစ်က ကာလတူနှိုင်းယှဉ်ချက်အရ ဒီနှစ်မှာ စုစုပေါင်း သေဆုံးသူ ၁၃၂ ယောက် လျော့သွားတယ် လို့လည်း ဖော်ပြထားပါတယ်။