
ယီမင်နိုင်ငံ ဆားဒါမြို့က အာဖရိကရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံတဲ့ ထိန်းသိမ်းရေးစခန်းကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ၆၈ ယောက်သေဆုံးပြီး တခြားလူ ၄၇ ယောက် ဒဏ်ရာရတယ်လို့ ယီမင်နိုင်ငံထဲက ဟူသီတွေ ကြီးကြပ်နေတဲ့ အယ်လ်မာစီရာ ရုပ်သံက ဧပြီ ၂၈ ရက်မှာ ဖော်ပြပါတယ်။
ဆားဒါမြို့ဟာ ဟူသီတို့ရဲ့ အမာခံနယ်မြေဖြစ်ပြီး အရင်ကလည်း အမေရိကန်တွေက ပစ်မှတ်ထား တိုက်ခိုက်တာ ခံခဲ့ရဖူးပါတယ်။
ဒီထိန်းသိမ်းရေးစခန်းမှာ အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၁၁၅ ယောက်ကို ထားရှိတယ်လို့ ယီမင် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
အခုလအစောပိုင်းမှာ ပင်လယ်နီဒေသက လောင်စာဆီ ဆိုင်တဆိုင်ကို ပစ်ခတ်လို့ လူပေါင်း ၇၄ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အတွက် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။
ပင်လယ်နီကို ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘောတွေအပေါ် ထိုးစစ်တွေ မရပ်မချင်း ဟူသီသူပုန်တွေကို အမေရိကန်အစိုးရက ဆက်လက် တိုက်ခိုက်သွားမယ်လို့ ကတိပြုထားပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ယီမင်နိုင်ငံမှာ အရေးပါတဲ့ နယ်မြေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဟူသီတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ပင်လယ်နီကို ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘောတွေကို ဒရုန်းနဲ့ ဒုံးကျည် အများအပြားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေကို ထောက်ပံ့နေဖို့ အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားနေတယ်လို့ ဟူသီတွေက အခိုင်အမာ ပြောထားပါတယ်။
Source: Reuters