
မန္တလေး၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ပြောက်ကျားယူနီဖောင်းဝတ်ထားသူ ၂ ယောက် ဦးဆောင်တဲ့အဖွဲ့က ဓားပြတိုက်ပြီး ရွှေတွေယူသွားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၃ နာရီက အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီ ရွှေဆိုင်ထဲကို ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသား ၂ ယောက်နဲ့ အရပ်ဝတ် အမျိုးသား ၃ ယောက် ဝင်လာပြီး ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ကာ ကောင်တာထဲက ရွှေတွေနဲ့ လက်ကိုင်ဖုန်း ၁ လုံးကို ယူသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ချမ်းမြသာစည်က ငလျင်ဒဏ်ခံရတဲ့မြို့နယ်ထဲမှာ ပါတယ်။ စစ်သားတွေ အများကြီးရှိတဲ့ နေရာမှာ နေ့ခင်းဘက်ကြီး ဓားပြမှုဖြစ်တယ်ဆိုတော့ စဥ်းစားလို့တောင် မရဘူး။ ရွှေတွေရော ဖုန်းတွေရော ပါသွားတယ်။”
ရွှေဇာမဏီရွှေဆိုင်ကို ဟွန်ဒါကားအမည်းရောင်နဲ့ အမျိုးသား ၅ ယောက် ရောက်လာပြီး ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ကာ ရွှေကောင်တာအတွင်းရှိ ရွှေ ၂၃ ကျပ်သားနဲ့ လက်ကိုင်ဖုန်း ၁ လုံးကို ယူသွားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင် ရုံးထိုင်တဲ့ ချမ်းမြသာစည်မှာဖြစ်တာ လုံခြုံရေးတင်းကျပ်တဲ့ နေရာနော်။ ဓားပြတိုက်တဲ့ ၅ ယောက်မှာ ဦးဆောင်တဲ့သူတွေက စစ်ယူနီဖောင်းတွေနဲ့ ကာလ တန်ဖိုး သိန်း ၁၆၀၀ ကျော်ဖိုး ပါသွားတယ်။ ပိတ်ဆို့ရှာဖွေတာတောင် မမိဘူး။”
ဓားပြတိုက်မှုဖြစ်ပြီးနောက် ချမ်းမြသာစည်မြို့နယ်အတွင်း စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့ ရှာဖွေပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမမိဘူးလို့ သိရပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်ကလည်း ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက်၊ ၇၁ လမ်းနဲ့ ၁၀၁(B) လမ်းက ချောင်ချောင်ရွှေဆိုင်ကို အမျိုးသား ၅ ယောက်က ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာနဲ့ ငွေသိန်း ၁,၀၀၀ ကျော် ယူသွားတဲ့ဖြစ်စဥ်လည်း ရှိပါတယ်။