
ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဇော်ဟိန်းကို စစ်ခေါင်းဆောင်က ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးပေးလိုက်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ပြီး ၄ လအကြာမှာ ဗိုလ်ချုပ်ဇော်ဟိန်းကို ဒု-ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ပေးခဲ့တာဖြစ်ပြီး နေပြည်တော်စစ်ရုံးမှာပဲ တာဝန်ပေးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
“စစ်ထောက်ချုပ်ဖြစ်ကတည်းက လူမြင်ကွင်းကနေ ပျောက်သွားတာ နေပြည်တော်မှာပဲ ခေါ်ထားပြီး စစ်ရုံးမှာထားတာ။ ရာထူးတိုးပေးတာ မကြာသေးဘူး။ ဒီလထဲမှာပဲ။ ဗိုလ်ချုပ်အေးမင်းစိုးတို့ထက် နောက်ကျတယ်။”
စစ်ထောက်ချုပ်မှာ စစ်အင်ဂျင်နီယာညွန်ကြားရေးမှူးရုံး၊ ထောက်ပံ့နှင့် ပို့ဆောင်ညွှန်ကြားရေးမှူးရုံး၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးနဲ့ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ကို တိုက်ရိုက်ကွပ်ကဲရတာလို့ အငြိမ်းစားအရာရှိတယောက်က ပြောပါတယ်။
“ကကယာ၊ ကကပံ့၊ ကကနက်နဲ့ ကကလျှပ်ဆိုတဲ့ လက်ရုံးတပ် ၄ တပ်ကို တိုက်ရိုက်ကွပ်ကဲတာ ဗိုလ်ချုပ် ၄ ဦးကို အုပ်ချုပ်ရတာဆိုတော့ ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးတာ။”
အာဏာသိမ်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ဗိုလ်ချုပ်ဇော်ဟိန်း၊ ဗိုလ်ချုပ်ပြည့်စုံလင်း၊ ဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့ ဗိုလ်ချုပ်အောင်ကျော်ကျော်တို့ ၄ ယောက်ကို ရာထူတိုးမြှင့်နေရာ အပြောင်းတွေ လုပ်ခဲ့ပါတယ်။