Home
မြန်မာသတင်း
မေဒေးနေ့တွင် အနည်းဆုံးလုပ်အားခ တိုးမြှင့်ရေး တောင်းဆိုမည်
DVB
·
April 28, 2025

လာမယ့် မေ ၁ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ အနည်းဆုံး အခကြေးငွေ တိုးမြှင့်ပြင်ဆင်သတ်မှတ်ရေးကိစ္စက အဓိကတောင်းဆိုချက် ဖြစ်လာနိုင်တယ်လို့ မြန်မာပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မေဒေးနေ့မှာ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအဖွဲ့ချုပ်တွေအနေနဲ့ လုပ်သားထု ရဲ့လိုအပ်ချက်တွေကို ထုတ်ဖော် တောင်းဆိုလေ့ရှိရာ ဒီနှစ်မှာလည်း  တောင်းဆိုချက်တွေ ထုတ်ပြန်ကြေညာဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတယောက်က “ဒီနှစ်မှာတော့ အားလုံးရဲ့ ဆန္ဒသဘောထားကို ရယူပြီးမှ ကြေညာချက်ထုတ်သွားမှာ။ အဲဒီမှာ ဘယ်အချက်တွေ ပါမယ် အတိအကျမပြောနိုင်သေးပေမဲ့၊ အလုပ်တွေအတွက် ထိုက်သင့်ဖူလုံတဲ့ လုပ်ခရရှိရေး ဆိုတဲ့အချက်က မပါမဖြစ် ပါလာမယ့် တောင်းဆိုချက်ဖြစ်မယ်လို့ တဦးတည်း အမြင်အရ ပြောနိုင်တယ်”လို့ ပြောပါတယ်။

ပြည်တွင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတချို့ကလည်း အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခနှုန်း တိုးမြှင့်ပေးနိုင်ရေးမှာ အဓိကလိုအပ်ချက် ဖြစ်နေသလို အလုပ်သမားထုရဲ့ ဘဝလုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်စရာအခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

လှိုင်သာယာမြို့နယ်နေ အလုပ်သမားအရေး ကူညီပေးနေသူတယောက်က “ဟန်ပြသဘော ထောက်ပံ့ကြေး ပေးတာမျိုး မဟုတ်ဘဲ တရက်လုပ်ခအနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်ပေးရမယ်။ ပြီးတော့ အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာတွေ မလုပ်ဖို့ မေဒေးနဲ့ အတူတောင်းဆိုချင်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် တရက် လုပ်ခ အနည်းဆုံးအခကြေးငွေကို ၄၈၀၀ ကျပ်နှုန်း  ၂၀၁၈ ခုနှစ် မေလက နောက်ဆုံးသတ်မှတ်ပေးခဲ့တာပါ။

အနည်းဆုံးအခကြေးငွေ နှုန်းထားကို ၂ နှစ်မှာ တကြိမ်ပြင်ဆင်သတ်မှတ်ရမယ်လို ဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ ဒီနေ့အချိန်အထိ ကျပ် ၄၈၀၀  နှုန်းပဲ ဆက်ရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့နှစ်ထဲ တရက်လုပ်ခ ကျပ် ၄၈၀၀ ကိုမပြောင်းလဲဘဲ ထောက်ပံ့ကြေးခေါင်းစဥ်နဲ့ တရက် ၁၀၀၀ကျပ် တိုးပေးဖို့ ၂ ကြိမ် ထုတ်ပြန်ခဲ့တာရှိပါတယ်။

ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်လုပ်သားတယောက်က "ထောက်ပံ့ကြေးဆိုပြီး တိုးပေးတာက အနည်းဆုံးလုပ်ခထဲ အကျုံးမဝင်လို့ အလုပ်ပိတ်ရက်တွေမှာ မပေးတာရှိတယ်။ အချိန်ပိုကြေးမှာ ထည့်မတွက်တာမျိုးလည်းရှိတယ်။ အလုပ်သမားတွေလိုချင်တာက မူလတရက်လုပ်ခ အနည်းဆုံး အခကြေးငွေနှုန်းကို  တိုးပေးဖို့ကိုပဲ"လို့ပြော ပါတယ်။

လက်ရှိမှာ စက်ရုံလုပ်သားတွေအနေနဲ့ ထောက်ပံ့ကြေး ကျပ် ၂၀၀၀ အပါအဝင် တရက်ကို ကျပ် ၆၈၀၀  နှုန်းပဲ ရရှိနေတာဖြစ်ပြီး ပြောင်းလဲလာတဲ့ အထွေထွေကုန်စျေးနူန်းကြီးမြင့်တဲ့အပေါ် မှုတည်ပြီး ကျပ် ၁၀၀၀၀ နဲ့အထက် ရရှိဖို့ တောင်းဆိုထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024