
ရုရှားစစ်တပ် အကြီးတန်းအရာရှိတယောက်ကို ဧပြီ ၂၅ ရက်က ကားဗုံးခွဲ သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်တဲ့ သံသယရှိသူတယောက်ကို ဖမ်းဆီးထားပြီလို့ ရုရှားနိုင်ငံ ပြည်ထောင်စုလုံခြုံရေးဗျူရို (FSB) က ဧပြီ ၂၆ ရက် မှာ ပြောပါတယ်။
ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ရုံးက အဓိက စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ လက်ထောက်အကြီးအကဲ အသက် ၅၉ နှစ်အရွယ် ယရော့စ်စလာ့ဗ် မော့စ်ကာလစ်ခ် သေဆုံးမှုအတွက် ရုရှားအစိုးရက ယူကရိန်းကို အပြစ်တင်ခဲ့ပါတယ်။
ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ယူကရိန်းအစိုးရက တရားဝင်မှတ်ချက်မပေးပါဘူး။
FSB က သံသယရှိသူဟာ အီဂနက် ကိုဇင်ဖြစ်တယ်လို့ နာမည်တပ်ပေးထားပြီး သူဟာ “ယူကရိန်း အထူးဌာန အေးဂျင့်” ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ မော်စကိုမြို့တော်မှာ မတွေ့ဆုံမီ နာရီပိုင်းအလိုမှာ မော့စ်ကာလစ်ခ်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော် အရှေ့ဘက် ဘာလာရှီခါမြို့မှာ သေဆုံးသွားခဲ့တာပါ။
Source: Reuters