
အင်အားပြင်း ငလျင်ဘေးကြောင့် တမြို့လုံးနီးပါး အကြီးအကျယ်ထိခိုက် ပျက်စီးသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ မလေးရှားနိုင်ငံရဲ့ ယာယီအခမဲ့ ဆေးရုံကို ဖွင့်လှစ်ပေးထားတယ်လို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက ထုတ်ပြန်ထားပါတယ်။
ယာယီအခမဲ့ဆေးရုံကို စစ်ကိုင်းမြို့ ပါရမီရပ်ကွက်မှာရှိတဲ့ နှစ် ၇၀၀ ပြည့် အထိမ်းအမှတ် အားကစားကွင်းမှာ ဖွင့်လှစ်ထားတာဖြစ်စပြီး အများပြည်သူတွေအနေနဲ့ သောကြာနေ့ကလွဲလို့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်း အခမဲ့ လာရောက် ဆေးကုသမှုခံယူနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။
ဒီဆေးရုံမှာ သားဖွားနဲ့ မီးယပ်၊ ဖျားနာ၊ ခွဲစိတ်ကုသ၊ အရိုးအကြော၊ ကလေးကျန်းမာရေး၊ သွားနဲ့ ခံတွင်း၊ နား- နှာခေါင်း- လည်ချောင်းနဲ့ မျက်စိရောဂါ ဝေဒနာတွေကို အခမဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံဟာ မြန်မာငလျင်ဘေးဖြစ်ဖြစ်ချင်း အရင်ဆုံးလာရောက်ကူညီပေးခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး စစ်ကိုင်းမြို့က ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေးအပိုင်းမှာ မလေးရှားကယ်ဆယ်ရေးအဖွဲ့ (SMART) က အင်တိုက်အားတိုက် လာရောက်လုပ်ဆောင်ပေးခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ ငလျင်ဒဏ်ခံစားနေရတဲ့အချိန်မှာ မလေးရှားနိုင်ငံအစိုးရအနေနဲ့ လူသားချင်းစာနာမှုကို ထောက်ထားပြီးတော့ သူ့နိုင်ငံမှာရောက်နေတဲ့ တရားမဝင် လုပ်သားတွေကို ဖမ်းဆီးတဲ့ စီမံချက် အော်ပရာစီ ခေတ္တရပ်နားထားတယ်လို့ ကြေညာပါတယ်။
မလေးရှားနိုင်ငံမှ မြန်မာပြည်တွင်းကို ဧပြီ ၄ရက်မှ ဧပြီ ၃၀ ရက်ထိ အခမဲ့ ငွေလွဲနိုင်အောင်လည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။