
စစ်ကောင်စီတပ် ခလရ ၇၀ နဲ့ ပေါင်းပြီး တွံတေးမြို့က လူငယ်တွေကို စစ်ထဲထည့်နေတဲ့ ဘုရားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးဆေး ဧပြီ ၂၃ ရက် ည ၁၁ နာရီခွဲက ဓာနဲ့ခုတ်သတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဘုရားကြီးကျေးရွာမြောက်ပိုင်း နာရေးအိမ်က ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို လူငယ်တယောက်က ဓားနဲ့ အဆက်မပြတ် ခုတ်သတ်သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“နာရေးအိမ်က ပြန်လာတဲ့အချိန် ပတ္တမြားဘက်မှာ ခုတ်တာ၊ အော်ပြီး အကူအညီတောင်းသေးတယ်၊ အုပ်ချုပ်ရေးမှူးဖြစ်နေလို့ ဘယ်သူမှ ထွက်ပြီး မကူညီဘူး၊ သေသွားမှ ရဲတွေရော စစ်တပ်ရော ရောက်လာတယ်။”
ဓားနဲ့အခုတ်ခံရသူ ဦးဖိုးဆေးမှာ ခလရ ၇၀ အတွက် အလုပ်လုပ်ပေးနေသူတယောက် ဖြစ်သလို စီမံအဖွဲ့ဝင် ၁ ဗိုလ်မှူးသုတအောင်အတွက် ငွေရှာပေးနေသူလည်းဖြစ်ပြီး စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ငွေကြေး အဆမတန် ကောက်ခံသူလည်းဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဗိုလ်မှူးသုတအောင်က သူ့ကို ငွေရှာပေးနေတဲ့သူ သေသွားလို့ ကြီးမားတဲ့ဆုံးရှုံးမှုလို့ ပြောတယ်။ ရဲမှူး မျိုးဦးက ဘာမှမပူနဲ့၊ နောက်ထပ် သူ့လို ငွေရှာပေးနိုင်မယ့် အုပ်ချုပ်ရေးမှူးတယောက် ထပ်ရှာပေးမယ်လို့ နှစ်သိမ့်တယ်။”
ဘုရားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးဆေး သေဆုံးပြီးနောက် အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က တယောက်တည်း သွားလာခြင်းမပြုဖို့ သတိပေး ပြောဆိုထားကြောင်း သူက ဆက်ပြောပါတယ်။
လတ်တလောမှာ တွံတေးမြို့နယ်အတွင်း ပြစ်မှုကျူးလွန်သူကို စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့ရှာဖွေပေမဲ့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။