
ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီရဲ့ တားမြစ်ခံ အဖွဲ့အစည်းမှာ အလုပ်လုပ်လို့ အပြစ်ရှိကြောင်း တွေ့ရှိတယ်ဆိုပြီး ရုရှားသတင်းထောက် ၄ ယောက်ကို မော်စကိုတရားရုံးက ဧပြီ ၁၅ ရက်မှာ ထောင်ဒဏ် ၅ နှစ်ကနေ ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်။
သတင်းထောက် ၄ ယောက်က အစွန်းရောက်အဖွဲ့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပေမဲ့ ဒီစွဲချက်နဲ့ အောက်တိုဘာလကတည်းက တံခါးပိတ် ရုံးတင် စစ်ဆေးခံခဲ့ရပါတယ်။
ရုရှားမှာ နိုင်ငံခြားအေးဂျင့်နဲ့ အစွန်းရောက်အဖွဲ့အစည်းတခုအဖြစ် ပိတ်ပင်ထားတဲ့ နာဗယ်လ်ညီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဖောင်ဒေးရှင်း (FBK) ရဲ့ ယူကျုချန်နယ်အတွက် သတင်းထောက်တွေက ရုပ်သံတွေ ဖန်တီးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းစစ်ပွဲ စကတည်းက ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေအပေါ် ဖိအားတွေ တိုးပေးခဲ့ပါတယ်။
စွပ်စွဲခံရသူ သတင်းထောက်တွေကို ထောက်ခံသူတွေက ဒီရုံးတင်စစ်ဆေးမှုဟာ စာနယ်ဇင်းလောကကို ခြိမ်းခြောက်ဖို့နဲ့ သတင်းထောက်တွေကို သူတို့အလုပ်အတွက် အပြစ်ပေးဖို့ ရည်ရွယ်ထားတာလို့ ပြောခဲ့ကြပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အထင်ရှားဆုံးပြိုင်ဘက် နာဗယ်လ်ညီဟာ ရုရှားအထက်တန်းလွှာတွေကြားမှာ အကျင့်ပျက်ခြစားမှုကို နှစ်ပေါင်းများစွာ ရှုတ်ချခဲ့သူပါ။
နာဗယ်လ်ညီက စွဲချက်ကို ငြင်းထားပေမဲ့ အကျင့်ပျက်ခြစားမှုနဲ့ အစွန်းရောက်ဝါဒ စွဲချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရချိန် မနှစ်က အာတိတ်ဒေသမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထားတဲ့ အချုပ်ထောင်မှာ ရုတ်တရက် သေဆုံးခဲ့ပါတယ်။
Source : Reuters