
တပ်မ ၇၇ တပ်မမှူးအပါအဝင် သုံ့ပန်းတွေကို နိုင်ငံတကာစစ်ရေးကျင့်ဝတ်တွေနဲ့အညီ ထိန်းသိမ်းထားပြီး လုံခြုံရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
ဧပြီ ၇ ရက်နေ့ ညက စစ်ကိုင်း-ကချင်နယ်စပ် အင်းတော်မြို့သိမ်းတိုက်ပွဲအပြီးမှာ တပ်မ ၇၇ တပ်မမှူးအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
တပ်မ ၇၇ ဟာ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်ရာမှာ နာမည်ကျော်တဲ့တပ်မဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာဥပဒေတွေ၊ စစ်ရေးကျင့်ဝတ်တွေနဲ့အညီ ထိန်းသိမ်းပြီး ဥပဒေနည်းလမ်းတကျသာ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
“သေရဲတဲ့ကောင်တွေထွက်ခဲ့ကြဆိုတဲ့ တပ်မ ၇၇ ရဲ့ တပ်မမှူးကိုလည်း စစ်သုံ့ပန်းအနေနဲ့ အရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ သူတို့တွေ ဘယ်လိုပဲ ယုတ်မာကြပါစေ၊ ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ ကျနော်တို့ရဲ့ ကာကွယ်ရေးကျင့်ဝတ်အရ နိုင်ငံတကာစစ်သုံ့ပန်းတွေထားတဲ့အတိုင်း ထားရှိပါတယ်။ စစ်ခေါင်းဆောင်က သူ့လူတွေလည်း အသုံးချလို့ရတဲ့အချိန် အသုံးချပြီး နှုတ်ပိတ်တဲ့အချိန် နှုတ်ပိတ်ဖို့လည်း ကြိုးစားမှာ။ တပ်မမှူးနဲ့ စစ်သုံ့ပန်းတွေရဲ့ လုံခြုံရေးအတွက် အဓိကထားပြီး ပထမဦးဆုံးလုပ်ကိုင်နေတာရှိပါတယ်။ ပြီးရင်ကတော့ တရားဥပဒေအရ လုပ်ကိုင်သွားဖို့ရှိတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အားကိုးရတဲ့ တပ်မတွေရဲ့တပ်မှူးအများစုဟာ သေဆုံးရင်သေဆုံး၊ အဖမ်းခံရရင်ခံရ၊ အချင်းချင်းဖြုတ်ထုတ်သတ်ထဲမှာပါလို့ ထိန်းသိမ်းခံရတဲ့ဟာခံရနဲ့ တပ်မမှူးတွေအကုန်လုံး ဒုက္ခရောက်နေတဲ့အနေအထား။ ဒါကြောင့် ပြည်သူ့ဘက်ကို ရပ်တည်ကြပါလို့ ထပ်ဆင့်သတိပေးပြောကြားချင်ပါတယ်။”
တပ်မ ၇၇ တပ်မမှူးအပါအဝင် ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေဟာ နိုင်ငံတဝန်းအကြမ်းဖက်သတ်ဖြတ်မှုတွေမှာ ကိုယ်တိုင်ကျူးလွန်ခဲ့သူတွေဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေ အမိန့်ပေးညွှန်ကြားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ဖော်ထုတ်ရာမှာ အရေးပါတဲ့ သက်သေတွေဖြစ်လာမှာပါ။
အင်းတော်မြို့ကို သိမ်းယူနိုင်ခဲ့တာဟာ မြေပြင်စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့ ခြေလှမ်းဖြစ်ခဲ့ပြီး ကချင်ပြည်နယ်ကို မြေပြင်စစ်ကြောင်းထိုးဖို့ စစ်ကောင်စီအတွက် အခွင့်အရေးနည်းသွားတာဖြစ်ပါတယ်။
အင်းတော်ဒေသခံရဲဘော်တယောက်က “ကောလင်းလောက်တော့ မလွယ်နိုင်ဘူးဗျ အင်းတော်ကို သူတို့ပြန်ရအောင် ယူဖို့ဆိုတာ။ အင်းတော်ကျသွားတာတော့ သူတို့အတွက် တော်တော်လေး ထိခိုက်တာပေါ့၊ ဘာကြောင့်လဲဆိုတော့ ကချင်ပြည်နယ်တက်တဲ့ လမ်းကြောင်းတွေက အရင်တုန်းက စစ်တပ်ရှိတဲ့အနေအပေါ်မှာ ကချင်ပြည်နယ်ကို တက်တဲ့ကားတွေဟာ ကွင်းလမ်းတွေကသွားရတဲ့ ပြဿနာတွေရှိတယ်။ လက်ရှိအခြေအနေမှာတော့ စစ်ဆေးပြီးရင်တော့ လမ်းတွေကအစ ဖြောင့်ဖြောင့်ဖြူးဖြူး ဖြတ်သန်းသွားလာခွင့်ရလိမ့်မယ်လို့ ပြောလို့ရပါတယ်။ ပိုပြီးတော့ ကုန်စည်စီးဆင်းမှုတွေ အဆင်ပြေသွားလိမ့်မယ်လို့ ပြောလို့ရပါတယ်ဗျ” လို့ ပြောပါတယ်။
တော်လှန်ရေးအစုအဖွဲ့တွေဟာ အင်းတော်မြို့ကို သိမ်းယူနိုင်ဖို့ အချိန် ၈ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတာပါ။ စစ်ကောင်စီက အင်းတော်မြို့ကိုထိန်းဖို့ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်ရာမှာနာမည်ကြီးတဲ့ တပ်မ ၇၇ ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အင်းတော်မြို့နဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတုန်းဖြစ်တဲ့အတွက် မြို့ခံပြည်သူတွေကို နေရာပြန်ချရေးနဲ့ ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။
သုတချမ်းသာ