
အီဂျစ်နိုင်ငံရဲ့ ကမ်းလွန် ပင်လယ်နီရေပြင်မှာ အပျော်စီးရေငုပ်သင်္ဘောတစင်း တိမ်းမှောက်ခဲ့တာကြောင့် ရုရှားခရီးသွား ၆ ယောက် သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပါတယ်။
မတ် ၂၇ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်မှာ အခင်းဖြစ်ပွားပြီးနောက် ခရီးသည် ၄၅ ယောက်ထဲက ၃၉ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဒဏ်ရာရရှိထားသူ ၉ ယောက်ထဲက ၄ ယောက်ရဲ့ အခြေအနေကိုတော့ စိုးရိမ်ရတယ်ဆိုပြီး ဖော်ပြထားပါတယ်။
အဲဒီရေငုပ်သင်္ဘောဟာ ပင်လယ်ကမ်းခြေမြို့တခုဖြစ်တဲ့ ဟူဂါဒါနဲ့ ၁ ကီလိုမီတာကျော် အကွာအဝေးမှာတင် နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံဆိုင်ရာ ရုရှားသံရုံးရဲ့ အစောပိုင်း ထုတ်ပြန်ချက်ထဲမှာတော့ ခရီးသည်အားလုံးဟာ သူတို့နိုင်ငံသားတွေဖြစ်ကြောင်း ရေးသားထားပါတယ်။
ဒါပေမဲ့လည်း ပင်လယ်နီဒေသ အုပ်ချုပ်ရေးမှူး အာမ် ဟန်နာဖီ ကတော့ ရုရှား၊ အီဂျစ်၊ အိန္ဒိယ၊ နော်ဝေနဲ့ ဆွီဒင် စတဲ့ နိုင်ငံသားတွေေ ပါဝင်တယ်ဆိုပြီး ခရီးသည်အရေအတွက်ကိုပါ အတည်ပြုပေးခဲ့ပါတယ်။
ဆင်းဒ်ဘတ် အမည်ရကုမ္ပဏီဟာ ရေငုပ်သင်္ဘောနဲ့အတူ ဟူဂါဒါ ကမ်းရိုးတန်းအနီးက သန္တာကျောက်တန်းတွေကို စူးစမ်းလေ့လာနိုင်အောင် စီစဉ်ပေးနေတာ ဖြစ်ပါတယ်။
အဲဒီကုမ္ပဏီဟာ တကမ္ဘာလုံးမှာရှိတဲ့ အပန်းဖြေရေငုပ်သင်္ဘော ၁၄ စင်းထဲက ၂ စင်းကို ဝယ်ယူထားပြီး ခရီးစဉ်တခုမှာ လိုက်ပါသူ ၄၄ ယောက်နဲ့ မောင်းနှင်သူ ၂ ယောက် ပါဝင်လေ့ရှိကြောင်း ဖော်ပြထားပါတယ်။
အဲဒီခရီးစဉ်အတွင်း ကလေးလူကြီးမရွေး စီးနင်းနိုင်သလို ရေအောက် ၂၅ မီတာအထိ ဆင်းနိုင်တယ် လို့လည်း ဆိုပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ပင်လယ်ရေနဲ့ ရာသီဥတုပါ ငြိမ်သက်နေတဲ့အလျောက် သင်္ဘော တိမ်းမှောက်ရတဲ့ အကြောင်းအရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။
ဟူဂါဒါမြို့ကလည်း လှပတဲ့ကမ်းခြေတွေနဲ့ သန္တာကျောက်တန်းတွေကို ပိုင်ဆိုင်ထားတဲ့အလျောက် ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားတဲ့နေရာတခု ဖြစ်ပါတယ်။
အဲဒီမြို့ရဲ့ ဆိပ်ကမ်းနေရာမှာတော့ ခရီးသွားလုပ်ငန်း အများအပြား လည်ပတ်လုပ်ကိုင်နေပါတယ်။
Source : Reuters