Home
နိုင်ငံတကာ
တူရကီအစိုးရက အတိုက်အခံရုပ်သံလိုင်းများ ထုတ်လွှင့်မှုကို ၁၀ ရက်ကြာ ရပ်နား
DVB
·
March 28, 2025
Photo : REUTERS / REPUBLICAN PEOPLE'S PARTY

တူရကီနိုင်ငံရဲ့ မီဒီယာစောင့်ကြည့်ရေးအဖွဲ့ဟာ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခရမ် အီမာမိုဂလူ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်တဲ့ သတင်းရေးသားဖော်ပြချက်ကြောင့် ရုပ်သံလွှင့်ဌာန ၄ ခုကို ဒဏ်ငွေချမှတ်ခဲ့ပြီး ထုတ်လွှင့်ခွင့် ၁၀ ရက် ပိတ်လိုက်ကြောင်း စောင့်ကြည့်ရေးအဖွဲ့ဝင်တယောက်က မတ် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရေဒီယိုနဲ့ ရုပ်မြင်သံကြား အဓိပတိကောင်စီ (RTUK) က အတိုက်အခံရုပ်သံလိုင်းတွေဖြစ်တဲ့ SZC TV၊ Tele1 နဲ့ Halk TV တို့အပြင် NOW TV တို့က ထုတ်လွှင့်တဲ့ အစီအစဉ်တွေကို စည်းမျဉ်း စည်းကမ်း ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အရေးယူမှုတွေကို ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ တေယစ်ပ် အာဒိုဂန်ရဲ့ အဓိက နိုင်ငံရေးပြိုင်ဘက်ဖြစ်ပြီး တချို့ရွေးကောက်ပွဲတွေမှာ ဦးဆောင်နေတဲ့ မြို့တော်ဝန် အီမာမိုဂလူကို မတ် ၂၃ ရက်မှာ ထောင်ချခဲ့ပြီး အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ပတ်သက်ပြီး ရုံးချိန်းကို ဆိုင်းငံ့ထားပါတယ်။ အီမာမိုဂလူ ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

SZC TV ကို ငွေဒဏ်နဲ့ ၁၀ ရက်ကြာ ထုတ်လွှင့်မှုရပ်ဆိုင်းဖို့အပြင် တတိယအကြိမ် ချိုးဖောက်မှုအတွက် လိုင်စင်ကို ရုပ်သိမ်းခြင်းအထိ ဖြစ်ပေါ်လာနိုင်တယ်လို့ RTUK က သတိပေးထားပါတယ်။

ရေဒီယိုနဲ့ ရုပ်မြင်သံကြား အဆင့်မြင့်ကောင်စီ RTUK ဟာ အတိုက်အခံအဖြစ် သတ်မှတ်ထားတဲ့ ချန်နယ်တွေနဲ့ မီဒီယာအဖွဲ့အစည်းတချို့ ရှိနေပြီး သူတို့က ပုံမှန်နီးပါး ဒဏ်ရိုက်နေကျဖြစ်ကြောင်းနဲ့ သူ့အဖွဲ့ဟာ အမှောင်ချခံထားရတဲ့ ကာလတလျှောက်လုံး ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း SZC TV အယ်ဒီတာချုပ် အိုဇ်ဂု ဂျာ့ဂ်မာ့ကျီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ယာယီပိတ်ပင်ခံရတာကို “အပြုသဘော” အဖြစ် မမြင်ဘဲ “ဒီမိုကရေစီအတွက် ဆုတံဆိပ်” လို့ မြင်ကြောင်း ပြောဆိုပါတယ်။

တူရကီအာဏာပိုင်တွေဟာ BBC သတင်းဌာနမှ သတင်းထောက်တယောက်ကိုလည်း ၁၇ နာရီကြာ ဖမ်းဆီးခဲ့ပြီး “ပြည်သူလူထုအတွက် ခြိမ်းခြောက်မှု” လို့ တံဆိပ်ကပ်ခဲ့ပြီးတော့ ကြာသပတေးနေ့မှာ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်က ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးကတည်းက လူပေါင်း ၁,၈၇၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အလီ ယာလီကာယာက ပြောကြားခဲ့ပြီး တရားရုံးတွေဟာ သူတို့အထဲက အယောက် ၂၆၀ ကို ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခဲ့ကြောင်းလည်း ဆိုပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024