Home
မြန်မာသတင်း
 အင်းလေးရေပေါ်သင်္ကြန်ပွဲတွင် ပါဝင်ကြရန် ဒေသခံများကို စစ်ကောင်စီ ဖိအားပေး
DVB
·
March 27, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေပေါ်သင်္ကြန်ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပြီး ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ သင်္ကြန်ပွဲကို မဖြစ်မနေ ပူးပေါင်း ပါဝင်ကြဖို့ ဒေသခံတွေကို အတင်းအကျပ် ဖိအားပေးစည်းရုံးနေတယ်လို့  အင်းလေး PDF က ပြောပါတယ်။

အင်းလေးဒေသခံတွေအနေနဲ့ လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် PNO/ PNA တပ်ဖွဲ့တွေရဲ့ အတင်းအကျပ် အဓမ္မစစ်သားခေါ်ယူစုဆောင်းနေတဲ့ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရချိန် သင်္ကြန်ပွဲတော် ဆင်နွှဲရမှာ ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တယောက်က “စစ်တပ်နဲ့ PNO က ကျနော်တို့ အင်းလေးဒေသမှာ ဆက်ကြေးကောက်တယ်။ ပြီးတော့ စစ်မှုထမ်းဖို့ ပေါ်တာတွေ ဆွဲတယ်။ ပြီးတော့ ပြည်သူ့စစ်ထဲဝင်ဖို့ ပျူစောထီးတွေက လှုံ့ဆော်နေတယ်၊ ခေါ်ယူနေတယ်ပေါ့နော်။ အဲ့လိုမျိုး စိတ်မကောင်းရာတွေနဲ့ ကြုံတွေ့နေရချိန်မှာ အခုလိုမျိုး ပွဲတော်ကျင်းပဖို့ ပျော်ပွဲရွှင်ပွဲ ကျင်းပဖို့ ဆိုတာက ပြည်သူတွေက ဘယ်သူမှ လက်ခံချင်စိတ် မရှိကြဘူး”လို့ ပြောပါတယ်။

ဒီလိုအချိန်မှာပဲစစ်ကောင်စီက အင်းလေးရေပေါ်သင်္ကြန်ကျင်းပရာမှာ ပါဝင်ကြဖို့ ဒေသခံတွေကို အတင်းအဓမ္မ ဖိအားပေး လုပ်ဆောင်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အင်းလေး PDF ရဲဘော်တယောက်က “သူတို့ အတင်းအဓမ္မ စုဆောင်းခိုင်းတယ်။ အတင်းအဓမ္မ လုပ်ခိုင်းတယ်ပေါ့နော်။ ပြီးတော့ ရပ်ကွက်တွေ၊ ကျေးရွာထဲတွေ အဆင့်ထိကို သူတို့ အကတိုက်ခိုင်းတာတို့၊ ပြီးတော့ ဒီပွဲထဲမှာ မဖြစ်မနေ ပါဝင်ပေးဖို့၊ ပူးပေါင်းပါဝင်ပေးဖို့ ပြောတာတို့ အဲ့လိုမျိုးတွေ လိုက်လံ စည်းရုံးနေတယ်ပေါ့နော်”လို့ ပြောပါတယ်။

အင်းလေးရေပေါ်သင်္ကြန်ပွဲတော်က ဒီလိုကာလမျိုးမှာ ပျော်စရာ မကောင်းပေမဲ့ ဖိအားပေးမှုတွေကြား ပါဝင်ရမယ့်အခြေအနေဖြစ်နေတယ်လို့ဒေသခံတယောက်က ဆိုပါတယ်။

“ရပ်တည်မှု နှစ်ဘက် နှစ်မျိုး ရှိကြတာ ထုံးစံမို့ ပျော်ပွဲရွှင်ပွဲလုပ်ပြမယ့်ဘက်က အခွင့်ရှိတာနဲ့ လုပ်မှာပါပဲ။ ဝါသနာပါလို့ စိတ်လိုလက်ရ လုပ်တဲ့သူတွေရှိသလို ဖိအားပေးခံရလို့ လုပ်နေရတဲ့သူတွေလည်းရှိပါတယ်။ ပျော်စရာ တကယ်မကောင်းပေမဲ့ ထိတ်လန့်မှုတွေကြားက ပျော်ပြရမယ့် သူတွေ ပါဝင်ကြမှာပါ။”

တဖက်မှာလည်း အင်းလေးဒေသက ဟဲယာရွာမအနီး ရေခမ်းခြောက်မှုတွေ ဖြစ်နေပြီး သောက်သုံးရေ ရှားပါးမှုတွေကို ကြုံတွေ့နေရ ပါတယ်။

အင်းလေးရေပေါ်သင်္ကြန် ပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပထမအကြိမ် ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရေပေါ်သင်္ကြန်လည်း ဖြစ်ခဲ့ပါတယ်။ အင်းလေးရေပြင်ပေါ်မှာ လှေသဗ္မာန်၊ ဖောင်တွေနဲ့ ရေကစားတာ၊ ရေပေါ်ရှိုးပွဲနဲ့ ယိမ်းအက၊ ရိုးရာအကတွေအပြင် နှစ်ဦး ဆွမ်းလောင်းပွဲ၊ နှစ်ဦးဓမ္မသဘင် အစီအစဉ်တွေ ထည့်သွင်းပြီး အကြိုနေ့ကနေ နှစ်ဆန်း ၁ရက်နေ့အထိ ၂၀၁၉ ခုနှစ်တုန်းက ကျင်းပခဲ့တာပါ။

၂၀၁၉ ခုနှစ်မှာ ကျင်းပပြီးနောက် ၂၀၂၀ ကနေ ၂၀၂၂ ထိ ရပ်နားခဲ့ပြီး ၂၀၂၃ မှာ စစ်ကောင်စီက ပြန်လည် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ 

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024