Home
မြန်မာသတင်း
ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးလျှော့ရန်အဆိုကို ကန့်ကွက်
DVB
·
March 20, 2025

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံကို လေလံကြမ်းခင်းဈေးလျှော့ဖို့ ဦးအောင်ဆန်းဦးရဲ့ အဆိုကို ကန့်ကွက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က  တရားရုံးကို လျှောက်လဲချက် တင်သွင်းလိုက်ပါတယ်။

ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံရဲ့  လေလံကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၇၅ သန်းကို လျှော့ချဖို့ တရားလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက ကမာရွတ်ခရိုင်တရားရုံးမှာ အဆိုတင်သွင်းထားတာပါ။

ဖေဖော်ဝါရီ ၅ ရက်က ခြံအမှတ် ၅၄ ကို ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉၇ သန်းနဲ့ တတိယအကြိမ်လေလံတင်ခဲ့ပြီး လေလံဆွဲမယ့်သူ မရှိတာကြောင့်ပွဲပျက်ခဲ့ပါတယ်။

ဦးအောင်ဆန်းဦးက အရောင်းအဝယ်အမြန်ဖြစ်ဖို့အတွက် လေလံကြမ်းခင်းဈေးကို ထပ်လျှော့ဖို့ တရားရုံးကို အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က မတ် ၂၀ ရက်မှာ တရားရုံးကို ကန့်ကွက်ကြောင်း လျှောက်လဲချက်တင်သွင်းခဲ့ပါတယ်။

ကမာရွတ်ခရိုင်တရားရုံးနဲ့ နီးစပ်သူတယောက်က “လျှောက်လဲချက်ပေးရမယ်ဗျ။ ကြမ်းခင်းဈေးချတဲ့ဟာကိုလေ။ ကြမ်းခင်းဈေးက တရားလို သူတို့နိုင်တဲ့ဘက်က ၂ ဒသမ ၇၅ ဗျ။ လျှောက်လဲချက်အစီအစဉ်က ပြောလို့မရဘူးဗျ။ လျှောက်လဲ ချက်ပေးမယ်၊ ကန့်ကွက်လျှောက်လဲချက် ပေးမယ်လေ။ ကန့်ကွက်တယ်ဆိုတဲ့ဟာ အဲ့ဒါကို သဘောတူဖို့ မဟုတ်ဘူးဆိုတဲ့ဟာ။ မရပါဘူးဗျာ”လို့ ပြောပါတယ်။

ကမာရွတ်ခရိုင်တရားရုံးက ၂၀၂၄ မတ် ၂၀ ရက်မှာ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်းနဲ့ ပထမအကြိမ်လေလံတင်ခဲ့ပြီး ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ်လေလံတင်ခဲ့တာပါ။

ရှေ့နေအဖွဲ့က ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်ရဖို့ တရားရုံးကို အကြိမ်ကြိမ် တင်ပြခဲ့ပေမဲ့ လက်ရှိအချိန်အထိ တွေ့ဆုံခွင့်မရသေးပါဘူး။ ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောဆန္ဒကို မသိရတဲ့အတွက် ရှေ့နေအဖွဲ့အနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲ ကြုံနေရတာပါ။

ဥပဒေအကြံပေး  ဦးခင်မောင်မြင့်က “အနိုင်ဒီဂရီရထားတဲ့သူက လေလံအောင်မှပိုက်ဆံကရမှာကိုး။ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ကန့်သတ်ရေးဥပဒေအရကျတော့လည်း သူက ဒီမြေကွက်တို့ အဆောက်အဦးတို့ သူယူလို့မရဘူး၊ သူက နိုင်ငံခြားသားဖြစ်နေတဲ့အတွက်။ ဒါကို လေလံတင်ရောင်းချပြီး ရတဲ့ငွေရဲ့တဝက်ပဲ သူကရမှာကိုး။ အဲ့ဒီတော့ သူ့ဘက်ကတော့ လေလံ အောင်မြင်ရေးအတွက် ဈေးနှုန်းကို တပတ်နဲ့တပတ်သူလျှော့ချမှာပဲ။ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကလည်း ကန့်ကွက်ရမယ်။ ရပိုင်ခွင့် အခွင့်အရေး သူလျှော့ရင် လျှော့သလောက်နည်းသွားမှာ။ အဲ့ဒီတော့ ဒီဘက်ကလည်း ကန့်ကွက်မှာပါပဲ။ လေလံကတော့ ဒီအတိုင်းပဲဆက်ပြီးတော့ သွားနေမှာပေါ့နော်။ တရားရုံးက လျှော့ချပြီးတော့ပဲ နောက်တကြိမ်လေလံပစ်မလား။ သို့တည်းမဟုတ်ကြမ်းခင်းဈေးကို ထပ်မလျှော့တော့ဘဲနဲ့ နောက်တကြိမ်လေလံပစ်မလား။ ဒါကတော့ တရားရုံးရဲ့အဆုံးအဖြတ်အတိုင်းသွားမှာပါ။ လူချင်းတွေ့ခွင့်မရရင်တော့ စာအဆက်အသွယ်နဲ့ တိုင်ပင်ခွင့် ညှိနှိုင်းခွင့် အခွင့်အရေးကို ကြိုးစားလို့တော့ရတာပေါ့နော်။ အဲ့ဒါကတော့ ကြိုးစားသင့်တယ်လို့ ကျနော်ကတော့မြင်တာပေါ့။ တယ်လီဖုန်းတော့ သူတို့ခွင့်ပြုမယ်မထင်ဘူး။ အကြံပြုချင်တာတော့ စာနဲ့ပေါ့နော်။ ဒီလို ဒီအကြောင်းတော့ဖြစ်နေတယ် ဘာတွေပြန်ပြီးတော့ တင်ပြမှုပြုမလဲပေါ့”လို့ ပြောပါတယ်။

ဦးအောင်ဆန်းဦးဟာ အမေရိကန်နိုင်ငံသားဖြစ်တာကြောင့် ပြည်တွင်းဥပဒေအရ မရွှေ့ပြောင်းနိုင်တဲ့ အမွေဆိုင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးခံစားပိုင်ခွင့်မရှိပါဘူး။

ဒီလိုခံစားခွင့်မရှိတာကြောင့် အိမ်နဲ့ခြံကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကြေးကို ခွဲဝေယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး အချိန် ၂ နှစ်နဲ့ ၃ လနီးပါး ပြင်ပနဲ့အဆက်အသွယ်ဖြတ်ခံထားရပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024