
မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းသွားမယ်လို့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။
အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ကျနော်တို့ အောင်လံမြို့နယ်၊ သမ္ဘူလတိုက်နယ်ထဲမှာ ပစ်ခတ်ရှင်းလင်းထားတဲ့ စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းဖို့ စီစဥ်ဆောင်ရွက်နေတာပါ။ သူတို့ပိုင်ဆိုင်တဲ့ နေအိမ်တွေဟာ သမ္မာအာဇီဝနည်းနဲ့ ရထားတဲ့ငွေတွေနဲ့ ဆောက်ထားတာမဟုတ်ဘူးဆိုတာ စိစစ်တွေ့ရှိရတယ်။ အခုလို ကြိုတင်အသိပေးရတာက သူတို့နဲ့ပတ်သက်တဲ့ နေအိမ်တွေကို အရောင်းအဝယ်လုပ်ခဲ့ရင် ဝယ်ထားတဲ့ပြည်သူတွေ နစ်နာမှာစိုးလို့ပါ” လို့ ပြောပါတယ်။
သမ္ဘူလတိုက်နယ်ထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၄ ရက်က တလုတ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း မြင့်ဆွေဟာ ပစ်သတ်ခံရသလို အခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ သမ္ဘူလတိုက်နယ် ရဲစခန်းက ဒုတပ်ကြပ်မျိုးကြီး ပစ်သတ်ခံရတာ ဖြစ်ပါတယ်။
အောင်လံမြို့က အမျိုးသားတယောက်က “သိမ်းသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေက ပြည်သူတွေဆီကနေ မသဒ္ဓါရေစာတွေ ဖြစ်နေလို့ပဲ။ ချိပ်ပိတ်သိမ်းဆည်းရုံတင် မပြီးသင့်ဘူး။ အဲဒါတွေကို လေလံပစ်ပြီး ရတဲ့ငွေနဲ့ တော်လှန်ရေးအတွက်ပဲဖြစ်ဖြစ် ပြည်သူ့အကျိုးပြု လုပ်ငန်းတခုခုထဲမှာပဲဖြစ်ဖြစ် ပြန်ထည့်ပြီး သုံးစွဲရင် ကောင်းမှာပေါ့။ နောက်ထပ်ပြီးတော့လည်း လက်ရှိ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေရဲ့ ပိုင်ဆိုင်မှုတွေလည်း ချိပ်ပိတ် လေလံပစ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အကြံပြုတာပါ” လို့ ပြောပါတယ်။
အောင်လံမြို့နယ်ထဲမှာ ၂၀၂၄ ခုနှစ်အစကနေ ၂၀၂၅ ခုနှစ် မတ်လအတွင်း ပစ်သတ်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံ ၂၀ ဝန်းကျင် ရှိနေပြီလို့လည်း အောင်လံမြို့ခံတွေဆီကနေ သိရပါတယ်။