
ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုပြည်နယ် အတွင်းပိုင်းရှိ ဆောင်ဂျိုဆက် ဒုစ်ကမ်ပိုစ် မြူနီစီပယ်နယ်မြေမှာ ထိခိုက်လွယ်သူတွေအတွက် စီစဉ်ထောက်ပံ့ပေးထားတဲ့ ဂေဟာမှာ မတ် ၁၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၄ ယောက်ထက်မနည်း သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးရုံးကနေ သိရပါတယ်။
CCTV မှတ်တမ်းထဲမှာ လူတယောက် ချဉ်းကပ်လာပြီး ဂေဟာဝင်ပေါက်အနီးမှာ မိနစ် အနည်းငယ်လောက် နေခဲ့ပြီးတော့ မီးမလောင်ခင်လေးမှာတင် ခပ်မြန်မြန် ထွက်သွားတာကို မြင်တွေ့ရပါတယ်။
စစ်ရဲအဖွဲ့ကတော့ တနင်္လာနေ့မှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားတယောက်ကို ဂေဟာကို မီးရှို့မှု သံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးရုံးကနေ သိရပါတယ်။
ရဲအစီရင်ခံစာအရ တရားခံက ထွက်ပြေးမသွားခင် ဆိုဖာပေါ်မှာ မီးရှို့ခဲ့တာကို မျက်မြင်သက်သေက တွေ့ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
“အခင်းဖြစ်ပွားရာနေရာဆီ စစ်ရဲတွေကို ခေါ်လိုက်ပြီး သူတို့ရောက်ရှိလာချိန်မှာ မီးသတ်ဦးစီးဌာနက မီးငြှိမ်းသတ်နေတဲ့အဖွဲ့တွေကို တွေ့ရှိခဲ့တယ်”လို့ အတွင်းရေးမှူးရုံးက ပြောပါတယ်။
“အခင်းဖြစ်ရာနေရာမှာ လူ ၂၂ ဦး ရှိနေခဲ့ပြီးတော့ သူတို့ထဲက ၈ ဦးက ထိခိုက်ဒဏ်ရာရပြီး ၄ ဦးကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ မီးရှို့မှု၊ လူသတ်မှု၊ လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှုလို့ မှတ်တမ်းတင်ထားပါတယ်” လို့ အတွင်းရေးမှူးရုံးက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အိပ်ရာပေါ်မှာ မလှုပ်မယှက် ရှိနေကြတဲ့ လူ ၆ ယောက်ကို တွေ့ခဲ့ရပြီး သူတို့တွေကို ပြတင်းပေါက်မှတဆင့် ဖယ်ရှား ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်ဌာနရဲ့ အဆိုအရ သိရပါတယ်။
Source : Reuters