
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တပ်သားသစ် အဓမ္မစုဆောင်းနေတာကြောင့် မြန်မာပြည်တွင်းမှာ လုပ်သားရှားပါးပြီး တိုင်းပြည်ရဲ့ ထုတ်လုပ်မှုတွေ ကျဆင်းလာတဲ့အတွက် တိုင်းပြည်စီးပွားရေးက ကပ်ဆိုက်လာပြီလို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
စစ်မှုထမ်းဥပဒေထွက်ရှိပြီး တနှစ်အတွင်းမှာပဲ ကုန်ထုတ်လုပ်မှုအတွက် အဓိကအရင်းအမြစ်ဖြစ်တဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် စစ်ထဲပို့ခဲ့တဲ့အတွက် ထုတ်လုပ်မှု စွမ်းအားတွေလည်း ကျဆင်းကာ တိုင်းပြည်စီးပွားရေးက ကပ်ဆိုက်တဲ့အဆင့်ကို ရောက်ရှိနေပြီလို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။
“မအလသည် အလုပ်လုပ်တဲ့ လူငယ်လူရွယ်လေးတွေကို ကုန်ထုတ်လုပ်မှုစွမ်းအား လုပ်ငန်းတွေမှာ ထိရောက်အောင် သုံးတာမဟုတ်ဘဲနဲ့ စစ်တပ်ထဲကိုပို့တယ်။ စစ်တပ်ကလည်း နိုင်ငံတကာနဲ့ စစ်ဖြစ်နေတာမဟုတ်ဘူး၊ ကိုယ့်ပြည်သူကို ပြန်သတ်ဖို့ပဲ အသုံးချနေတာ၊ သက်သက် အဲဒီကလေးတွေက လုပ်အားရှင်တွေ ဆုံးရှုံးတာ။ ဒါ့ကြောင့်မလို့ ပြီးခဲ့တဲ့နှစ်ကစပြီး လုပ်အားရှင်တွေကို စစ်ထဲသွင်းတဲ့အခါ ထုတ်လုပ်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုတွေက ပိုကျလာတယ်။ ဒါ့ကြောင့် GDP က အနုတ်လက္ခဏာပြသွားတယ်၊ ရှေ့အလားအလာလည်း မကောင်းဘူး၊ ပြီးခဲ့တဲ့အချိန်ထက်လည်း ဆိုးသထက်ဆိုးလာလို့ တိုင်းပြည်စီးပွားရေးကလည်း ကျသထက် ကျလာလို့ အကုန် အနုတ်ကို ဆင်းသွားတယ်။ ပိုဆိုးမယ့် အလားအလာတွေကြောင့် တိုင်းပြည်စီးပွားရေးဟာ ကျဆင်းတဲ့အဆင့်တင် မကတော့ဘူး၊ ကပ်ဆိုက်တဲ့အဆင့် ရောက်သွားပြီ။”
စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးတဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ဖေဖော်ဝါရီအထိ စစ်မှုထမ်းဥပဒေကြောင့် လူပေါင်း ၂၃,၆၀၁ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မတရားစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့အတွက် ပြည်တွင်းမှာ အရည်အချင်းပြည့်မီတဲ့ လုပ်သား လူငယ်တွေ ရှားပါးလာတဲ့အတွက် လုပ်ငန်းခွင်တွေမှာလည်း အခက်အခဲတွေ ကြုံနေရကြောင်း လုပ်ငန်းရှင်တယောက်က ပြောပြပါတယ်။
“sector တိုင်း နေရာတိုင်း အလုပ်တိုင်းမှာ Human resource ပြဿနာတွေ အကြီးကြီးတက်နေတာ။ ကျွမ်းကျင်အလုပ်သမား အရမ်းကို ရှားပါးနေတာ။ ဒီလိုမျိုး စားသောက်ဆိုင် နိုင်ငံခြားသားတွေ လာစားနေတဲ့ စားသောက်ဆိုင်မျိုးမှာကို လာလျှောက်တဲ့ စားပွဲထိုးတွေက ၄ တန်းအောင်တွေ ပါတယ်။ ကိုယ့်နာမည်ကိုယ် အင်္ဂလိပ်လိုပေါင်းရင် မရေမရာဖြစ်နေတဲ့သူတွေ ပါတယ်။ အဲဒီတော့ စိတ်တိုင်းမကျတော့ မင်းတို့ အလုပ်သင်ပဲလုပ်ဆိုတော့ သူတို့ မလုပ်ဘူးဗျာ။ လူတွေက အရမ်း desperate (ကြံမိကြံရာလုပ်မိ) ဖြစ်တယ်ဗျာ။ ရန်ကုန်က စားသောက်ဆိုင်တွေမှာဆို တချို့ဆိုင်တွေဆို ဖောက်သည်တွေရဲ့ ကွန်ပလိန်းတွေ အရမ်းတက်လာတာ၊ စကားပြောတာ ရိုင်းတယ်တို့၊ အလုပ် လုပ်တာ ညစ်ပတ်တယ်တို့၊ ပိုက်ဆံပေးပြီး ခေါ်ရင်လည်း ခေါ်စရာလူကို မရှိတာ၊ အဲဒီပြဿနာတွေ ကြုံလာတဲ့အခါကျတော့ ကျနော်တို့က တတ်နိုင်ရင် ဝန်ထမ်းတွေကို မထွက်စေချင်ဘူး။”
အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က “နိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်က ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး ၅၀ ရာခိုင်နှုန်းလောက်က ပညာအရည်အချင်း အားနည်းကြကြောင်း၊ ၄၁ ရာခိုင်နှုန်းလောက်ကတော့ လယ်ယာသစ်တောနဲ့ သားငါးကဏ္ဍတွေမှာ လုပ်ကိုင်ကြသူတွေဖြစ်တဲ့အတွက် လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ အလုပ်အကိုင်တွေ ဖော်ဆောင်ပေးနိုင်ရေးက မဖြစ်မနေလိုအပ်ကြောင်း၊ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ လုပ်သားပမာဏမှာ များပြားလာတာလည်း သိသာကြောင်း” ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ထိုင်းတနိုင်ငံတည်းမှာ အလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားဦးရေဟာ MOU အလုပ်သမား ၂ သိန်းခွဲကျော် အပါအဝင် ၂ ဒသမ ၃ သန်းနီးပါး ရှိတယ်လို့ ထိုင်းအစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။
ဝေဝေ