
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေ ရှာဖွေရောင်းချတာ ဈေးကွက်တခုလို ဖြစ်လာနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“သီပေါဘက်မှာကလေ အဲ့ဗုံးတွေက ဈေးကွက်ဖြစ်နေတာ။ မကွဲသေးတဲ့ ဗုံးတွေကို လိုက်တူး လိုက်ရှာပြီး ပြန်ရောင်းစားနေကြတာ။ ကွဲလို့သေတဲ့သူ အများစုက အဲ့လိုတွေပဲများတာ။ ဆော့လို့ကွဲသေတယ်ဆိုတာ အလကား။ ပြန်ရောင်းရင် တော်တော်ရတာကိုး။ စဉ်းစားကြည့်လေ ဗုံးဆော့ပြီး သေရအောင် သေတဲ့ထဲ ကလေးမှ မပါတာ” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
တူးဖော်ရရှိတဲ့ စစ်ကျန် လက်နက် ပစ္စည်းတွေကို လက်နက်ကိုင်တွေ ပြန်ဝယ်ယူတယ်လို့ သူက ပြောပါတယ်။
“အဲ့လိုပါပဲ။ ခက်ခဲတဲ့သူတွေ များတာကိုး ဒီကာလက။ အကုန်လုံးက အဆင်ပြေအောင် ကြံဖန် နေကြတာပါပဲ။”
သီပေါက စစ်ကောင်စီရဲ့ ခလရ -၂၃ တပ်စခန်းဘက် တိုက်ပွဲကာလတုန်းက စစ်ကောင်စီဘက်က လက်နက် နဲ့ ရိက္ခာတွေကို လေထီးနဲ့ ချပေးရာက အပြင်ရောက်သွားတာတွေကို လိုက်ရှာပြီး ပြန်ရောင်းကြတာလည်းရှိတယ်လို့ သူက ရှင်းပြပါတယ်။
အလားတူပဲ လားရှိုးမှာလည်း တိုက်ပွဲပြီးသွားပြီးနောက် စစ်ကျန်လက်နက် ပစ္စည်းတွေကို ရှာဖွေရောင်းစားကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရတဲ့သူတွေလည်း ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမှာ စစ်ကျန် လက်နက်ပစ္စည်းတွေ လိုက်လံရှာဖွေရောင်းချသူတယောက်ကတော့ စစ်ကောင်စီရဲ့ ကျည်တွေ အများဆုံး ရရှိပြီး လက်ပစ်ဗုံး၊ တခြား အစုအဆောင်း ပစ္စည်းတွေပါ တွေ့ရှိတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိာင်းမှာ စစ်ကျန် လက်နက် ပစ္စည်းကြောင့် ပေါက်ကွဲ ထိခိုက်သူတွေ ရာချီရှိတယ်လို့ အကူအညီပေးနေသူတယောက်က ပြောပါတယ်။
"ရှမ်းမြောက်မှာ ကျန်နော်တို့ သိရသလောက် မိုင်းထိတဲ့ ပြည်သူတွေ အယောက် ၁၀၀ တောင် ကျော်မယ်ထင်တယ်။ ကျနော်တို့ မသိတဲ့ သူတွေလည်း ရှိဦးမယ်။”
ရုံးမရှိပေမဲ့ အကူအညီပေးတဲ့ စေတနာ့ ဝန်ထမ်းတွေရှိပြီး မိုင်းထိသွားတဲ့ သူတွေကို ကူညီပေးတဲ့ အပြင် မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အမြင်ဖွင့် သင်တန်းတွေ ပေးတာရှိလည်း ရှိတယ်လို့ သူက ပြောပါတယ်။
လားရှိုးမြို့က စစ်ကောင်စီတပ်စခန်းတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ ဇူလိုင် ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး တလပြည့်တဲ့ ၂၀၂၄ သြဂုတ် ၃ ရက်နေ့မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းယူနိုင်ခဲ့တာပါ။
သီပေါမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကိုလည်း TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့က ၂၀၂၄ ဇူလိုင် ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ကာ ၂ လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။