
မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုတွေ တားမြစ်ဖို့နဲ့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ ပြောလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ ခွဲခြားမထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ တိတ်တဆိတ် ကွပ်မျက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့အတူ ကမ္ဘာ့အဆိုးရွားဆုံး အခြေအနေတခု ဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သူ့ရဲ့ အစီရင်ခံစာထဲမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ အရပ်သားတွေနဲ့ စီးပွားရေး ပြိုလဲမှုတွေကြောင့် ဆိုးရွားလာတဲ့ ကိန်းဂဏန်းတွေကို အသေးစိတ်ဖော်ပြခဲ့သလို စစ်အုပ်စုရဲ့ စစ်မှုထမ်းဆိုင်ရာ ဥပဒေတွေကို အသက်သွင်းတာကိုလည်း ရှုတ်ချထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းရမှာ ကြောက်ရွံ့တာကြောင့် (လူငယ်တွေ) အများအပြားဟာ နိုင်ငံထဲက ထွက်ပြေးဖို့ ကြိုးစားနေကြတာကြောင့် လူကုန်ကူးခံရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေ ကြုံနေရပြီး အကျပ်အတည်းတွေကို ပိုမိုဆိုးဝါးလာစေတယ်လို့လည်း ဗော်လ်ကာတာ့ခ်က ပြောပါ တယ်။
“လူသားချင်းစာနာမှု၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်စေတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ (ပိတ်ဆို့ အရေးယူမှုတွေကို) ဒီထက်ပိုပြီး လုပ်သင့်တယ်။”
ဒါ့အပြင် မြန်မာပြည်သူလူထုကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ဖို့အတွက် လေယာဉ် လောင်စာဆီတွေ အပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ လက်နက်ရောင်းချမှု တားမြစ်ရေးကိုလည်း ဗော်လ်ကာတာ့ခ်က ထပ်မံတောင်းဆိုလိုက်တာပါ။
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ကျူးလွန်တဲ့ ပြစ်ဒဏ်တွေကနေ ကင်းလွတ်ခွင့် ရနေတာတွေ ရပ်တန့်ဖို့လည်း အပြည်ပြိုင်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့မှာ တရားစွဲဆို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုတွေအပြင် တာဝန်ယူ တာဝန်ခံမှုရှိဖို့ လိုအပ်တဲ့အကြောင်းလည်း သူက ပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက သေဆုံးရသူ အရေအတွက်ဟာ ၁,၈၀၀ ကျော်အထိ ရှိခဲ့ပြီး ဒါဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းက အမြင့်ဆုံးအရေအတွက် ဖြစ်လာနေခဲ့တယ်လို့လည်း ဗော်လ်ကာတာ့ခ်က ပြောပါတယ်။
ဒါ့အပြင် သူက စစ်အုပ်စုရဲ့ ခေါင်းဖြတ် သတ်ဖြတ်တာ၊ မီးရှို့တာ၊ ခုတ်ထစ် သတ်ဖြတ်တာတွေနဲ့ လူသားဒိုင်းကာအနေနဲ့ အသုံးချတာတွေ အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ နည်းပရိယာယ်တွေကို ရှုတ်ချခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၂၀၀၀ နီးပါးဟာ အကျဉ်းထောင်တွင်း ထိန်းသိမ်းထားခံရချိန်မှာပဲ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားစီရင်မှု မရှိဘဲ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့အကြောင်းလည်း ပြောလိုက်ပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်း စစ်အုပ်စုနဲ့ အတိုက်အခံ လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတွေကို ဖြစ်ပေါ်စေခဲ့သလို လူပေါင်း ၃ သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၁၅ သန်းလောက်ကတော့ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
Photo: UN