
အမေရိကန်နိုင်ငံမှာ LGBTQ အဖြစ် ခံယူထားတဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ အရေအတွက်ဟာ ၇ ဒသမ ၆ ရာခိုင်နှုန်းကနေ ၉ ဒသမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာတယ်လို့ Gallup (ဂဲလ်လပ်) ကမ္ဘာ့သုတေသနအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာအရ သိရပါတယ်။
အမေရိကန်အခြေစိုက်အဖွဲ့ရဲ့ ၁၂ နှစ်တာ လေ့လာချက်အရ LGBTQ အရေအတွက်ဟာ ၃ ဆနီးပါး တိုးလာခဲ့တာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Gallup ရဲ့ အကြီးတန်းအယ်ဒီတာဖြစ်သူ ဂျက်ဖ်ဂျုန်းစ် ကတော့ “၁၀ ရာခိုင်နှုန်းနီးပါးအထိ ဒီလောက် မြန်မြန်ကြီး ရောက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး” ဆိုပြီး ဖုန်းနဲ့အင်တာဗျူးမှာ မှတ်ချက်ပေးပါတယ်။
လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း LGBTQ အရေအတွက်ကို မြင့်တက်လာစေတဲ့ အချက်ဟာ အသက် ၁၉ ကနေ ၂၈ နှစ်ရှိတဲ့ Gen Z မျိုးဆက်တွေ အရွယ်ရောက်လာတာကြောင့် ဖြစ်တယ်လို့ ဂျက်ဖ်ဂျုန်းစ်က ဖြည့်စွက်ပြောပါတယ်။
ဒါဟာ အမေရိကန်ပြည်နယ် ၅၀ စလုံးမှာရှိတဲ့ အရွယ်ရောက်ပြီးသူ ၁၄,၀၀၀ ကို ကျပန်း မေးမြန်းခဲ့တာဖြစ်ပြီး အယောက် ၉၀၀ က သူတို့ကိုယ်သူတို့ LGBTQ အဖြစ် သတ်မှတ်ကြောင်း ဝန်ခံ ပြောဆိုခဲ့တာပါ။
၂၀၂၂ ခုနှစ်အတွင်း အမေရိကန်မှာ LGBTQ အဖြစ် သတ်မှတ်သူ ၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ခုနှစ်မှာ ၇ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ အခုလိုမျိုး ၉ ရာခိုင်နှုန်းကျော်ကို ခုန်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်တမ်းမှာပါဝင်ခဲ့တဲ့ LGBTQ အရေအတွက်နဲ့ ပတ်သက်ပြီး မှားယွင်းနိုင်တဲ့ နှုန်းထားဟာ အပေါင်း ဒါမှမဟုတ် အနုတ် ၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် အမေရိကန်မှာရှိနေတဲ့ အရွယ်ရောက်ပြီးသား LGBTQ တွေရဲ့ ထက်ဝက်ကျော် ၅၆ ဒသမ ၃ ရာခိုင်နှုန်းက မိမိကိုယ်ကို လိင်နှစ်မျိုးစလုံး စိတ်ဝင်စားသူ Bisexual အဖြစ် သတ်မှတ်ကြပေမဲ့လည်း အသက်ကြီးလာလေ ရာခိုင်နှုန်းကျလာလေလေ ဖြစ်ပါတယ်။
Gallup ရဲ့ အစီရင်ခံချက်အရ အမေရိကန်မှာ လိင်ပြောင်းထားသူ အရေအတွက်ဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိတဲ့အလျောက် အလွန်နည်းပါးတယ်လို့ အတည်ပြုပါတယ်။
ဒါ့အပြင် LGBTQ အဖြစ် ခံယူထားသူတွေက နိုင်ငံရေးအမြင်ပေါ်မူတည်ပြီး ကွဲပြားမှုရှိနေသလို အဲဒီထဲမှာ ဒီမိုကရက် ထောက်ခံသူ ၁၄ ရာခိုင်နှုန်း၊ လွတ်လပ်သော ကြားနေသူ ၁၁ ရာခိုင်နှုန်းနဲ့ ရီပတ်ဘလီကန် ထောက်ခံသူ ၃ ရာခိုင်နှုန်းသာ ပါဝင်နေတာကို တွေ့ရပါတယ်။
Source : Reuters